မွန်၊ တနင်္သာရီ နောက်ဆုံးရ သတင်းများ (ဧပြီ ၁၊ ၂၀၂၀၊ ညနေ ၆ နာရီ)

0
323

ဘုရားထီးပင့် လူစုလူဝေးလုပ်သူကို စတင်အရေးယူ

ဘုရားထီးပင့်၍ လူစုလူဝေး ဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဒေသခံတစ်ဦးကို စတင် တရားစွဲဆိုလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး မပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည့် အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥပဒေ ပုဒ်မ ၃၀(က) ဖြင့် ကျိုက်မရောမြို့ နယ်အုပ်ချုပ်ရေးမှူးမှ ဧပြီလ ၁ ရက်နေ့က တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

ဘုရားထီးတော်တင်ပင့်ဆောင်သည့်ကိစ္စကို ကျေးရွာခံအချို့တို့မှ မတ်လ ၂၉ ရက်နေ့က ရပ်ကျေးအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့မှုအပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်ရုံးမှ လူစုလူဝေးဖြင့် ဆောင်ရွက်သည့်ကိစ္စများ မပြုလုပ်ရန် ညွှန်ကြားထားသည့်အတွက် လူစုလူဝေးဖြင့် ဆောင်ရွက်၍မရကြောင်း တားမြစ်ခဲ့သည်။

သို့သော် မတ်လ ၃၀ ရက်နေ့က ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းမှ ဦးဆောင်၍ ရွာသူ/သား ၁၅၀ ဦးခန့်တို့သည် မော်တော်ယာဉ် ၁၈ စီးနှင့် ဆောင်းဘောက်စ်တင်ကား ၂ စီးဖြင့် ဘုရားထီးတော်တင်ပင့်ဆောင်ရန် လူစုလူဝေး ပြုလုပ်ခဲ့သည်။

ဆောင်းဘောက်စ်တင်ကား ၂ စီးကိုလည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။


ကိုရိုနာစောင့်ကြည့်လူနာ မပြောင်းလဲ

တနင်္သာရီတိုင်းအတွင်း ကိုရိုနာရောဂါ ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) ၇ ဦးရှိပြီး တိုးလာခြင်းမရှိဘဲ ယမန်နေ့ အရေအတွက်အတိုင်းပင်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) အဖြစ် ထားဝယ်ဆေးရုံကြီးတွင် ၃ ဦး၊ မြိတ်ဆေးရုံတွင် ၁ ဦး၊ ကော့သောင်းဆေးရုံတွင် ၁ ဦးနှင့် ကံပေါက်တိုက်နယ်ဆေးရုံနှင့် ရေဖြူဆေးရုံတို့တွင် ၁ ဦးစီရှိကြောင်း ပြည်သူကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း မတ်လ ၂၅ ရက်နေ့မှစ၍ ကိုရိုနာရောဂါ သံသယလူနာ ၄ ဦးကို ဓာတ်ခွဲစစ်ဆေးရာ အားလုံးတွင် ပိုးမတွေ့ရပေ။


စခန်းသွင်းစောင့်ကြည့် စင်တာအတွက် တစ်မြို့နယ် သိန်းတစ်ရာ

ကိုရိုနာရောဂါ ကာကွယ်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက်ဖွင့်လှစ်ထားသည့် ပြည်သူလူထုပူးပေါင်း ပါဝင်သည့် စခန်းသွင်းစောင့်ကြည့်ရေးစင်တာများအတွက် တနင်္သာရီတိုင်းရှိ မြို့နယ် တစ်မြို့နယ်ကို ငွေကျပ်သိန်းတစ်ရာနှုန်း ထောက်ပံ့မည်ဖြစ်သည်။

ပြည်သူလူထုပူးပေါင်း ပါဝင်သည့် စခန်းသွင်းစောင့်ကြည့်ရေးစင်တာများ (Community Based Facility Quarantine) အတွက် ထောက်ပံံ့ငွေများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ မကြာမီ ခွဲဝေထောက်ပံ့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ဆိုသည်။

အစိုးရအဖွဲ့က Community Based Facility Quarantine အတွက် ဘတ်ဂျက်ခွဲဝေပေးမည်ဟု ကြားသိရပြီး လက်ရှိတွင် ထောက်ပံ့မှုမရှိသေးသည့်အတွက် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် ထမင်းကျွေးခြင်း၊ ထောက်ပံ့ခြင်းများ လုပ်နေရကြောင်းဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း လူဦးရေ တစ်သောင်းကျော်ကို Facility Quarantine လုပ်နိုင်သည့် နေရာ ၃၁၇ ခုပြင်ဆင်ထားပြီး ဧပြီလ ၁ ရက်နေ့အထိ ၈၆၄ ဦးကို စောင့်ကြည့်နေကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။


ထားဝယ်တက္ကသိုလ်တွင် စောင့်ကြည့်ရေး စင်တာဖွင့်

ထားဝယ်တက္ကသိုလ်တွင် နေရပ်ပြန်သူ ၄၀၀ ဦးအထိ စောင့်ကြည့် စခန်းသွင်းနိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

လက်ရှိတွင် လူဦးရေ ၁၂၀ အတွက် ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ အိပ်ယာခင်းနှင့် တစ်ကိုယ်ရေး အသုံးအဆောင် ပစ္စည်းများဖြစ်သည့် ရေခွက်၊ ဆပ်ပြာအစရှိသည့် ပစ္စည်းများကို အဆင်သင့်ပြင်ထားကြောင်း ၎င်းက ဆိုသည်။

ထားဝယ်တက္ကသိုလ်ရှိ ဗထူးဆောင်ကို facility quarantine လုပ်ရန် ပြင်ဆင်ထားပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ ပြန်လာသူ ၉ ဦးနှင့် ဝန်ထမ်း ၁ ဦးကို စောင့်ကြည့်နေသည်။

ထားဝယ်တက္ကသိုလ်တွင်စီစဉ်ထားသည့် နေရာ မလုံလောက်ပါက ထားဝယ်နည်းပညာတက္ကသိုလ်တွင်လည်း စီစဉ်ထားကြောင်း ဦးကျော်မင်းက ဆိုသည်။


ထားဝယ် စည်ပင်သာယာဈေးကြီး ကိုမူ ဆက်ဖွင့်ထားဆဲ ဖြစ်သည်။

ဓာတ်ပုံ = ကိုဇော်