ရော်ဘာ ထုတ်လုပ်မှုစရိတ်ချေးငွေ ချေးသူမရှိ

0
4036

တနင်္သာရီတိုင်းတွင် ရော်ဘာ ထုတ် လုပ်မှုစရိတ်ချေးငွေကို ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်ကတည်းက ထုတ်ချေးနေသော်လည်း ယခုနှစ် မတ်လ ၁၃ ရက်အထိ ယင်း ချေးငွေကို လာရောက်ထုတ်ချေးသူ မရှိ သေးကြောင်း တနင်္သာရီတိုင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။


ရော်ဘာတစ်ဧကလျှင် တစ်သိန်း နှုန်းဖြင့် အများဆုံး ဆယ်ဧကအထိ ပိုင် ဆိုင်မှု အထောက်အထားတစ်ခုခုကို အပေါင်ထားကာ ထုတ်လုပ်မှုစရိတ်အဖြစ် ချေးငွေ ထုတ်ချေးပေးနေခြင်းဖြစ်ပြီး အတိုးမှာ တစ်နှစ် ကိုးရာခိုင်နှုန်း ဖြစ် သည်။


“ရော်ထုတ်လုပ်မှု ချေးငွေကတော့ တစ်ယောက်မှကို ချေးထားတာ မရှိဘူး။ ဘာလို့လဲဆိုတော့ တစ်ဧက တစ်သိန်း လောက်လေးကို သူတို့ စိတ်မဝင်စားကြ ဘူး”ဟု အထက်ပါဘဏ် မန်နေဂျာ ဒေါ်မိုးမိုးလွင်က ဆိုသည်။


တိုင်းအတွင်း ရော်ဘာထုတ်လုပ်မှု ချေးငွေမရှိသောကြောင့် ယင်းအတွက် ထုတ်ချေးမည့် ချေးငွေများကို ကြိုတင် လျာထား သတ်မှတ်ထားခြင်းမရှိဘဲ ချေး မည့်သူရှိက ရုံးချုပ်ကို အကြောင်းကြားကာ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဒေါ်မိုးမိုး လွင်က ပြေသည်။


ရော်ဘာဈေးမကောင်းသဖြင့် ချေး ငွေမယူသည့် တောင်သူအချို့ရှိသလို ချေးငွေထုတ်ချေးနေကြောင်း မသိသဖြင့် ငွေမချေးသည့် တောင်သူအချို့လဲရှိ ကြောင်း ထားဝယ်ခရိုင်ရှိ ရော်ဘာစိုက် တောင်သူအချို့ထံမှ သိရသည်။


“ချေးလိုက်ရင် အတိုးဆပ်ဖို့နဲ့ကုန် မှာ ရော်ဘာဈေးက ကောင်းတာလဲ မဟုတ်ဘဲကို”ဟု လောင်းလုံးမြို့နယ်ရှိ ရော်ဘာစိုက် တောင်သူတစ်ဦးက ဆို သည်။


တိုင်းအတွင်း ရော်ဘာစိုက်ပျိုး ထားသည့် ဧက သုံးသိန်းကျော်(၃၁၉၈၁၆) ကျော်ရှိကြောင်း တနင်္သာရီတိုင်း မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် စာရင်းအရ သိရသည်။


ကျော်သူစိုး