တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု ဒေါက်တာလဲ့လဲ့မော် အပါအဝင် တရားခံများကို စစစ်တော့မည်

0
3748

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အမှုတွင် တရားခံများကို စတင်စစ်ဆေးတော့မည် ဖြစ်ကြောင်း တိုင်းဒေသကြီးတရားလွှတ် တော်ရုံးထံမှ သိရသည်။


အဆိုပါအမှု၏ ၅၃ ကြိမ်မြောက် ရုံးချိန်းဖြစ်မည့် မတ်လ ၁၆ ရက်နေ့ ရုံးချိန်းတွင် ဒေါက်တာလဲ့လဲ့မော် အပါအဝင် တရားခံများကို စစ်ဆေးတော့ မည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင် က ဆိုသည်။


တိုင်းတရားလွှတ်တော်တွင် စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးမှု အမှတ် ၂/၂၀၁၉ အမှုနှင့် ၄/၂၀၁၉ အမှုတို့အတွက် ဒေါက်တာလဲ့လဲ့မော် အပါအဝင် အခြားတရားခံများကို စစ်ဆေးမည် ဖြစ်သည်။


ရာဇဝတ်ကြီးမှုအမှတ် ၂/၂၀၁၉ အမှုမှာ ငွေကျပ် သိန်းလေးထောင် အသုံးပြုကာ ထားဝယ်လေယာဉ်ကွင်းချုံရှင်းခဲ့သည့် အမှု ဖြစ်သည်။


၄/၂၀၁၉ အမှုမှာ ဒေါက်တာ လဲ့လဲ့မော်မိသားစုပိုင် သရက်ချောင်းမြို့ရှိ အိမ်နှင့်မြေကို ကျပ်သိန်း ၂၀ဝ၀ ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ပြီးနောက် GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေးတည်ဆောက်ခြင်း၊ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ နေပြည်တော်ရှိ တိုင်းအစိုးရဧည့်ရိပ်သာ နှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့သည်ဆိုသည့်အမှု ဖြစ်သည်။


“အမှုတွေက တရားခံတွေကို စစ် ဆေးရန်နဲ့ ခံပြသက်သေစာရင်း တင်သွင်း ရန် ဖြစ်ပါတယ်”ဟု ဦးဇော်မင်းနိုင် က ပြောသည်။


မတ်လ ၁၀ ရက်နေ့ရုံးချိန်းတွင် ပြန်ခေါ်သက်သေ လေးဦးကို စစ်ဆေးရန် ချိန်းဆိုထားသော်လည်း ထားဝယ် လေယာဉ်ကွင်း ချုံရှင်းခဲ့သည့် F22 ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးဆန်နီတစ်ဦးကိုသာ စစ်ဆေးနိုင်ခဲ့ ကြောင်း ၎င်းက ဆိုသည်။


မတ်လ ၁၆ ရက်နေ့ ရုံးချိန်းတွင် လက်ကျန်ပြန်ခေါ်သက်သေများဖြစ်သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းနှင့် တိုင်းလမ်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဦးဝင်းမင်းထွဋ် တို့ကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရ သည်။


ပြန်ခေါ်သက်သေတစ်ဦးဖြစ်သည့် ကော့သောင်းခရိုင်မြေစာရင်းရုံးမှ ဦးဝဏ္ဏထွန်းကိုမူ ပယ်ဖျက်ခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။


ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု စွဲချက်တင်ထားပြီး ယင်းအမှုလေးခု အနက် နှစ်မှုတွင် GGS ကုမ္ပဏီ တာဝန်ရှိသူများ ပါဝင်ကာ ၎င်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် ဇန်နဝါရီလ ၂၁ ရက် နေ့က စွဲချက်တင်ထားသည်။