ကျိုက်မရော အတ္ထရံမြစ်ကမ်း တစ်လျှေက် မြေအက်ကွဲ နိမ့်ကျနေ၊ ကွင်းဆင်းစိစစ်ပေးရန် ဒေသခံများ တောင်းဆို

0
375

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတ္ထရံမြစ်ကမ်းတစ်လျှောက် မြေအက် ကွဲနိမ့်ကျဖြစ်ပေါ်နေမှုကို ကွင်းဆင်းလေ့လာ စိစစ်ပေးရန် ဒေသခံတို့က မွန် ပြည်နယ်လွှတ်တော်ထံ စာတင်တောင်း ဆိုလိုက်ကြောင်း သိရသည်။

လက်ရှိတွင် အတ္ထရံမြစ်ကမ်းတစ် လျှောက်ရှိ မယ်ကရို၊ ကော့ဒွန်၊ ကော့ပနော၊ ကွမ်းငန်းကျေးရွာတို့တွင် မြေအက်ကွဲ နိမ့်ကျမှုကြောင့် မြစ်ကမ်းတစ်လျှောက်ရှိ စေတီတော်တစ်ဆူနှင့် စေတီတော်ဝင်း အတွင်းရှိ သာသနိကအဆောက်အအုံများ နှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှု ရှိနေကြောင်း သိရသည်။

အဆိုပါ အခြေအနေမှ အချိန်မီ ကာကွယ်နိုင်ရန် ဒေသခံများက ဇန်နဝါရီ ၂၇ ရက်က လွှတ်တော်သို့ စာတင် တောင်းဆိုထားကြခြင်း ဖြစ်သည်။

ယင်းသို့ မြေအက်ကွဲ နိမ့်ကျမှုသည် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းကတည်းက သိသိသာသာတွေ့လာရပြီး တစ်ရက်ထက် တစ်ရက် ပိုဖြစ်လာကြောင်း ကျိုက်မရော မြို့နယ် မယ်ခရိုဒေသခံ နိုင်ထွန်းကြည် က ပြောသည်။

ထိုကဲ့သို့ မြစ်ကမ်းတစ်လျှောက် မြေအက်ကွဲ နိမ့်ကျလာရခြင်းသည် ပျားတောင်ဒေသတွင် ရင်းနှီးမြှုပ်နှံလျက် ရှိသော ဘိလပ်မြေစက်ရုံတို့၏ ဧရာမ သင်္ဘောကြီးများ ခုတ်မောင်းသွားလာ နေခြင်းကြောင့်ဖြစ်သည်ဟု ဒေသခံတို့ က ယူဆနေကြသည်။

ဒေသခံတို့၏ တင်ပြတောင်းဆို ထားသည့်အပေါ် အသေးစိတ်ကွင်းဆင်း လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာအစိုးရအဖွဲ့ကို တိုက်တွန်းသွားမည်ဟု မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

“သင်္ဘောကြီးတွေ သွားလာလို့ လှိုင်းရိုက်ခတ်လာရင် ကမ်းပြိုမှုတွေ မြေအက်ကွဲလာပြီးတော့ မြေနိမ့်ကျမှုတွေ ဖြစ်လာနိုင်တယ် ဆိုတာ ကျွန်တော်တို့ အရင်ကတည်းက စိုးရိမ်ခဲ့တယ်။ သင်္ဘော ကြီးတွေကြောင့် ငါးဖမ်းလှေတွေ ငါးဖမ်း ပိုက်တွေမှာလည်း ထိခိုက်မှုရှိတယ်။ ဒါကို သက်ဆိုင်ရာက စနစ်တကျ ထိန်းချုပ်ပေးထားဖို့ လိုအပ်မယ်”ဟု ၎င်း က ပြောသည်။

ကျိုက်မရောမြို့နယ်တွင် မြန်မာ နိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ခွင့်ပြုချက် ဖြင့် လုပ်ငန်းဆောင်ရွက်နေသော ဘိလပ် မြေစက်ရုံ စီမံကိန်း (၃) ခုရှိပြီး ယင်းတို့ သည် Mawlamyine Cement Limited, June Cement Industry Limited, Myanmar-Korea Cement Group Company Limited တို့ ဖြစ်သည်။

လက်ရှိတွင် တစ်နေ့လျှင်ဘိလပ်မြေ တန်ချိန် ၅၀၀၀ ထုတ်လုပ်နေသည့် Mawlamyine Cement Ltd. (MCL) စက်ရုံ လည်ပတ်ပြီး တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် ၅၀၀၀ ထုတ်လုပ်ရန် စီစဉ်ထားသည့်June Cement Industry Limited မှာ စက်ရုံလည်ပတ်ရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။

ကျိုက်မရောမြို့နယ် ပျားတောင် ဒေသရှိ ဘိလပ်မြေစက်ရုံများသည် စက်ရုံတည်ဆောက်ရန် ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ရာတွင် လည်းကောင်း စက်ရုံလည်ပတ်ပြီးနောက်ပိုင်း စက်ရုံမှ ထုတ်ကုန်များကို သယ်ယူပို့ဆောင်ရာ တွင်လည်းကောင်း အတ္ထရံမြစ်ကြောင်းမှ တစ်ဆင့် ရေလမ်းကြောင်းကိုသာ အဓိက အသုံးပြုကြသည်။

ယဉ်စနိုင်း