သိန်းတစ်သောင်းခွဲဆု ပေါက်ပြီး နောက် မြိတ်တွင် ထီရောင်းအားတိုး

0
327

မြိတ်မြို့တွင် ပြီးခဲ့သည့်လက သိန်း တစ်သောင်းခွဲဆုပေါက်ပြီးသည့်နောက် ထီရောင်းအား ထက်ဝက်တိုးပြီး ရောင်းချ လာရကြောင်း ထီအရောင်းဆိုင်များ ထံမှသိရသည်။

၁၁ ကြိမ်မြောက် အောင်ဘာလေသိန်းတစ်သောင်းခွဲဆုကိုမြိတ်မြို့၊ ဇေယျ သီရိ(၂) ရပ်ကွက်ရှိ ရတနာသိန်းထိုက်အောင် ၄၁၄ ထီဆိုင်မှ မြိတ်သား တစ်ဦးဆွတ်ခူး ပြီးနောက် ယခုလတွင် ရောင်းအားတက် လာခြင်း ဖြစ်သည်။

“ပုံမှန်ရောင်းချနေရာကနေ ဒီလဆို ထက်ဝက်လောက် သိသိသာသာကြီး ရောင်းအားတက်လာ တယ်”ဟု မြို့သစ် ရပ်ကွက် ပြည်သာယာလမ်းမကြီးတွင်ရောင်းချနေသည့်F 128 ထီဆိုင်ပိုင်ရှင် ဦးထွန်းဦးက ပြောသည်။

ယင်း ဆိုင်တွင်ယခင်လများက တစ်နေ့လျှင် တစ်သိန်းခွဲမှ နှစ်သိန်းအထိသာ ပုံမှန်ရောင်းချနေရာမှ သိန်းတစ်သောင်းခွဲဆု မြိတ်မြို့မှဆွတ်ခူးပြီးသည့်အချိန်တွင် တစ်နေ့ သုံးသိန်းမှလေးသိန်းအထိ ရောင်း အားတိုးလာသည်ဟု ၎င်းက ဆိုသည်။

ဆိုင်ခန်း ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်များရောင်းအားတိုးလာသလို ကားငယ်များဖြင့် လိုက်လံရောင်းချနေသည့်ထီသည်ကားများလည်း တိုးလာကြောင်း ကားခြောက်စီးဖြင့် လက်ခွဲဖြန့်ဖြူး ရောင်းချနေသည့် ငွေထပ်တိုးထီဆိုင်ပိုင်ရှင် ဒေါ်ချိုဇင်က ပြောပြသည်။

“ပုံမှန်လတွေဆို ကားတစ်စီးတစ် နေ့သုံးသိန်းဖိုးလောက်ပဲ ရောင်းချရ တယ်။ ဒီလမှာတော့ တစ်နေ့ ငါးသိန်း ခြောက်သိန်းဖိုးလောက်အထိ ရောင်းချလာရတယ်”ဟု ၎င်းက ပြောသည်။

တနင်္သာရီအပတ်စဉ်က စုံစမ်းချက် အရ မြိတ်မြို့ပေါ်ရှိထီဆိုင်များပုံမှန်လများထက် ယခုလတွင် ရောင်းအားပိုလာ သည်ဟု ဖြေဆိုကြသည်။

၁၁ ကြိမ်မြောက်အောင်ဘာလေ သိန်းတစ်သောင်းခွဲ ဈေးဦးပေါက်ခဲ့သည့် ရတနာသိန်းထိုက်အောင် ၄၁၄ ထီဆိုင် တွင်မူ ပြီးခဲ့သည့်လများကထက် ထီရောင်းအားနှစ်ဆနီးပါး တိုးလာကြောင်း ပိုင်ရှင်ဖြစ်သူကိုစိုးမင်းသူက ပြောသည်။

ကိုဆန်း