သောကြာပြင်ရွာ ဟိုတယ်စီမံကိန်း ရပ်နားထား

0
401

လောင်းလုံးမြို့နယ်၊ သောကြာပြင် ကျေးရွာလမ်းဆုံအနီး လယ်ယာမြေပေါ်တွင် ဟိုတယ်ဆောက်လုပ်မည်ဟု ရည်မှန်းလုပ်ဆောင်နေသော စီမံကိန်းမှာ အခြားနည်းအသုံးပြုခွင့် မကျသေးသဖြင့် ရပ်နားထားကြောင်း ဟိုတယ်ဆောက်ရန် စီစဉ်နေသည့် ဦးအောင်ကျော်သက်က ပြောကြားသည်။

ရှင်ကိုးရှင်ဘုရားဖူးဧည့်သည်များနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းကို လာရောက်မည့်သူများကို ရည်ရွယ်ကာ ဟိုတယ်ဆောက်လုပ်ရန် စီစဉ်ထားသော်လည်း လတ်တလော ရပ်နားထားကြောင်း ၎င်းက ဆိုသည်။ ယင်းလယ်မြေကို လွန်ခဲ့သော လပိုင်းကတည်းက မြေဖို့ခဲ့သည်။

“ကျွန်တော်အမြင်အရကတော့ သေချာစိစစ်ပြီးရင် ခွင့်ပြုချက်ပေးသင့်တယ်။ အခုက ဒီလိုမဟုတ်ဘူး။ လယ်မြေတွေဆိုရင် ဘယ်လိုဟာမျိုးပဲ လုပ်လို့ရတယ်ဆိုတဲ့ ထိန်းချုပ်မှုတွေရှိနေတာက အလုပ်လုပ်ရတာ တော်တော်ခက်ခဲစေတယ်”ဟု ဦးအောင်ကျော်သက်က ဆိုသည်။

ယင်းလယ်မြေတွင် အခြားနည်း အသုံးပြုခွင့်လျှောက်ထားသည်မှာ ဗဟိုအဆင့်သို့ရောက်ရှိနေပြီ ဖြစ်သော်လည်း အခြားနည်းအသုံးပြုခွင့်မကျသေးကြောင်း ထားဝယ်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့၊ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောကြားသည်။

ဟိုတယ်ဆောက်ရန် ခွင့်ပြုချက် တင်ပါက မြေယာကိစ္စများရှင်းလင်းမှသာ ဆောက်လုပ်ခွင့်ကို ချထားပေးခြင်းဖြစ်ပြီး မြေကိစ္စမပြီးပြတ်သေးပါက ဟိုတယ်ဆောက်ခွင့်ရမည်မဟုတ်ကြောင်း တနင်္သာရီတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

သောကြောပြင်ရွာရှိ ယင်းလယ်မြေပေါ် ပေ ၁၀၀၊ ၂၀၀ ပတ်လည်ပေါ်တွင် ဟိုတယ်ဆောက်ရန် ရည်မှန်းထားကြောင်း ဦးအောင်ကျော်သက်ဆိုသည်။

လယ်ယာမြေ၊ ဥယျာဥခြံမြေတို့ကို ခွင့်ပြုချက်မရှိဘဲ မြေဖို့ခြင်း၊ အပြောင်ရှင်းခြင်းနှင့် အကွက်ရိုက်ရောင်းခြင်းကဲ့သို့သော အခြားနည်းအသုံးပြုပါက ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး အရေးယူထားသည့် ဖြစ်စဉ်အချို့လည်းရှိကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောဆိုထားသည်။

Dawei Watch