မွန်ပါတီ အမတ်လောင်း အမျိုးသမီးနှင့် လူငယ်များကို ဦးစားပေးမည်

0
379

၂၀၂၀ ခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်များအား ဦးစားပေး ရွေးချယ်သွားမည်ဟု မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်တို့က ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီတွင် အမျိုးသမီးနှင့် လူငယ်ကို ဦးစားပေးသည့် မူဝါဒရှိပြီး ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်လျှောက်တင်လာသည့်အရေ အတွက်ပေါ် မူတည်ပြီး ဦးစားပေးရွေးချယ်သွားမည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။

“ကျွန်တော်တို့ကတော့ ဖိတ်ခေါ် ထားတယ်”ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို စိစစ်ရွေး ချယ်နိုင်ရေးအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ (ဗဟို)ကို အဖွဲ့ဝင် ၁၆ ဦးတို့နှင့် ဇန်နဝါရီလ ၁၂၊ ၁၃ ရက်တို့တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဖွဲ့စည်းခဲ့ပြီ ဖြစ်သည်။

ပါတီအနေနှင့် အမျိုးသမီးနှင့် လူငယ်ပါဝင်မှုနှင့် ပတ်သက်ပြီး အရေအတွက် ကန့်သတ်ထားခြင်းမရှိသော်လည်း လက်ရှိအနေအထားအရ ပါတီဗဟိုကော်မတီအဆင့်တွင် အမျိုးသမီး ပါဝင်မှု အရေအတွက် ၁၁ ရာခိုင်နှုန်း သာရှိကြောင်း လူငယ်ပါဝင်မှုအရေ အတွက်သည် အလွန်အားနည်းနေသည့် အနေအထားရှိကြောင်း ပါတီခေါင်းဆောင်တို့က ပြောသည်။

ပါတီတွင်း အမျိုးသမီးနှင့် လူငယ်အင်အား နည်းပါးနေသည့်အနေအထားကြောင့် အမျိုးသမီးနှင့် လူငယ်များပါတီတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ကြရန်လည်း ပါတီက ဖိတ်ခေါ်ထားသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူးပေါင်းဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး၂၀၁၉ ခုနှစ် မေလ ၁၇ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ဖွဲ့စည်းခွင့် ပြုခဲ့သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက် ရက်စွဲ မွန်ညီညွတ်ရေး ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းထိ မွန်ညီညွတ်ရေးပါတီတွင် ပါတီဝင်အင်အား နှစ်သောင်းကျော်ရှိသည်ဟု ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။

Dawei Watch