မသန်စွမ်းသူများနေ့ မသန်စွမ်းသူများ အားလုံးပါဝင်ခွင့်မရ

0
653

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ တိုင်းအဆင့်အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မသန်စွမ်းများကို ဖိတ်ကြားခြင်း၊ အသိပေးခြင်းမျိုး မရှိခဲ့၍ မသန် စွမ်းသူများအားလုံး ပါဝင်ခွင့် မရခဲ့ကြောင်း တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီ ဝင် မသန်စွမ်းသူကိုယ်စားလှယ် ကိုမျိုးမင်းဦးက ပြောသည်။

ယခင်နှစ်များက လူမှုဝန်ထမ်းဦးစီး ဌာနမှ မြို့နယ်အလိုက်ဖိတ်ကြားခဲ့သော်

လည်း ယခုနှစ်တွင်မူ ဖိတ်ကြားခြင်း မရှိဘဲ Tanintharyi Region Facebook စာမျက်နှာတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်သည့် သတင်းတက် လာမှသာ သိရှိခဲ့ရသည်ဟု ၎င်းက ပြောသည်။

“ပါဝင်ခွင့်မရဘူးဆိုတော့ ကျွန်တော် တို့ လူထုနဲ့ပိုပြီးတော့ ကင်းကွာလာမယ်။ ပြီးတော့ ကျွန်တော်တို့ မသန်စွမ်းသူတွေရဲ့ စိတ်ဓာတ်ခွန်အားတွေ ပိုပြီးတော့ နည်းလာမယ်”ဟု ကိုမျိုးမင်းဦးက ပြောသည်။

တနင်္သာရီတိုင်းလူငယ်ရေးရာကော်မတီနှင့် တိုင်းမသန်စွမ်းကိုယ်စားလှယ် အဖြစ်တာဝန်ယူထားသော်လည်း အမည်ခံ သက်သက်သာဖြစ်နေပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ အကြံပြုချက် များ၊ ဆွေးနွေးချက်များစသဖြင့် လုပ် ဆောင်နိုင်ခြင်းမရှိသဖြင့် မသန်စွမ်းသူများတစ်ရပ်လုံးအတွက် အခွင့်အရေးများ ဆုံးရှုံးရသည်ဟု ကိုမျိုးမင်းဦးက ပြော သည်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အထိမ်းအမှတ်ပွဲကို တိုင်းအတွင်း ရှိ မသန်စွမ်းသူများအသင်းများကို အသိ အမှတ်ပြု ဖိတ်ကြားစေလိုကြောင်း မြန်မာ နိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ကော့သောင်းရုံးခွဲ)မှ ပြန်ကြားရေး တာဝန်ခံ ကိုထွန်းဝင်းအောင်က ပြောသည်။

“ဒီမြို့တစ်မြို့မှာ ရှိတဲ့မသန်စွမ်းတွေလောက်ပဲခေါ်ပြီး ဒီတိုင်းအဆင့် မသန်စွမ်းပွဲလုပ်တာက လုံး၀မဖြစ်သင့် ဘူး။ အခြားမြို့တွေမှာရှိတဲ့ မသန်စွမ်း တွေအတွက် အခွင့်အရေးဆုံးရှုံးတယ်။ ခွဲခြားဆက်ဆံခံရတယ်လို့ပဲ ခံယူတယ် ပေါ့နော်”ဟု ကိုထွန်းဝင်းအောင်က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားပြုလုပ်ရန်အတွက် ရုံးချုပ်မှ ငွေကျပ်သုံးသိန်းသာ ချမှတ်ပေးထားသည်ဟု တိုင်းလူမှုဝန်ထမ်းဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုင်းအတွင်းရှိ မသန်စွမ်းသူများ အားလုံးနှင့် ၎င်းတို့နှင့်အတူလာမည့် သူများ၏ လမ်းစရိတ်နှင့် ဧည့်ခံကျွေးမွေး စရိတ်များအတွက် ဘတ်ဂျက်ချထားပေး ခြင်းမရှိသဖြင့် အခမ်းအနားသို့ ဖိတ်ကြား ရန် အခက်အခဲများရှိကြောင်း တာဝန် ရှိသူက ပြောသည်။

“မသန်စွမ်းစာရင်းတွေကောက်ထား တာရှိတယ်ဆိုတာလည်း ဒီလိုအခမ်း အနားတွေ ဖိတ်ဖို့ ကောက်ထားတာ မဟုတ်ဘူး။ ထောက်ပံ့ကြေးပေးဖို့ကောက်ထားတာ” ဟု တာဝန်ရှိသူက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အခမ်းအနားကို ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ ၃ ရက် က ကျင်းပပြုလုပ်ခဲ့ပြီး မသန်စွမ်းသူများ၏ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရသူများကို ငွေချီးမြှင့်ခဲ့သည်။

နယ်မြို့များနှင့် ကျေးလက်ဒေသ များရှိ မသန်စွမ်းသူများသည် အသိ အမြင်များနည်းပါးသည့်အတွက် လူမှု ဝန်ထမ်းဦးစီးဌာနမှ ကူညီထောက်ပံ့မှ သာလျှင် လူထုကြားထဲသို့ ဝင်ခွင့်ရမည်ဖြစ် ကြောင်း ကိုမျိုးမင်းဦးက ပြောကြားသည်။

“(မသန်စွမ်း) လူတွေကလည်း ဒီလိုပွဲတွေကိုများများတက်မှသာလျှင် ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာလည်း ကျွန်တော်တို့ အသုံးဝင်တယ်၊ သုံးရတယ် ဆိုတာကို ကျွန်တော်တို့ရဲ့ အသုံးဝင်မှု တွေကို သိနားလည်မယ်”ဟု ၎င်းက ဆို သည်။

Dawei Watch