ပါချန်မြစ်ဖျားရွာများတွင် ကျောင်းဆရာနှင့် ကျန်းမာရေးဝန်ထမ်း လိုအပ်မှုရှိနေ

0
664

ထိုင်း-မြန်မာနယ်စပ် ပါချန်မြစ်ဖျားပိုင်းရွာများဖြစ်သည့် ကော့သောင်း မြို့နယ် လုံးဖောကျေးရွာအုပ်စုဝင် အေးမြ သာယာ၊ အောင်မင်္ဂလာ၊ မြိုင်သာယာရွာ စသည့်တို့တွင် ကျောင်းဆရာနှင့် ကျန်းမာ ရေးဝန်ထမ်း လိုအပ်မှုရှိနေကြောင်း ကော့သောင်းမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဦးသက်နိုင်က ပြောသည်။

ယင်းရွာများ၏ ကျောင်းဆရာနှင့် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်အတွက် ဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများကို ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေသေးကြောင်း ဦးသက်နိုင်က ပြောသည်။

ရွာများ၏ အိမ်ခြေအနေအထား၊ အချို့ရွာများက ပြည်ထဲရေးအမည် မပေါက်သေးခြင်း၊ မြို့နှင့်သော်လည်း ကောင်း၊ တစ်ရွာနှင့် တစ်ရွာသော်လည်းကောင်း ဝေးလံခေါင်သီလွန်းသဖြင့် ဝန်ထမ်း မမြဲခြင်း စသည်တို့ ဖြစ်ပေါ်နေကြောင်း ဌာနဆိုင်ရာတို့က ပြန်လည် ပြောဆိုကြသည်ဟု ဦးသက်နိုင်က ပြော သည်။

လက်ရှိအချိန်တွင် NLD ပါတီဝင် များ ယင်းရွာများသို့ ရောက်ရှိစဉ်တွင် ကျောင်းဆရာဆရာမနှင့် ကျန်းမာရေး ဝန်ထမ်း လိုအပ်နေမှုကို မကြာခဏတင်ပြ လေ့ရှိကြောင်း ဦးသက်နိုင်က ပြောသည်။

“သူတို့ဆီကိုက တာဝန်ရှိသူတွေ အရောက်အပေါက်နည်းတော့ လာတဲ့ လူကို တင်ပြကြတာပါ။ လက်ရှိမှာလည်း NLD က အာဏာရပါတီ ဖြစ်နေတော့ အားကိုးတကြီး တင်ပြတယ်ပေါ့လေ”ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်က NLD ၏ မျှဝေခြင်း အစီအစဉ်ဖြင့် ယင်းရွာများ သို့ ရောက်ခဲ့စဉ်ကလည်း အေးမြသာယာ ရွာခံ အမျိုးသမီးတစ်ဦးက ဦးသက်နိုင်ကို စာတစ်စောင် ပေးကာ တောင်းဆိုခဲ့သေးသည်။

Dawei Watch