ဝန်ကြီးဌာနသစ် ဝန်ကြီးအဖြစ် ပေါင်မြို့နယ်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်ကို ခန့်အပ်

0
552
ဦးထွန်းမင်းအောင်

အသစ်ဖွဲ့စည်းထားသည့် မွန်ပြည် နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်ကို ခန့်အပ် တာဝန်ပေးလိုက်သည်။

နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၁၅ ရက်တွင် ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်အား လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ခန့်အပ်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်မှ ဇူလိုင်လ ၁၅ ရက်က ကျင်းပခဲ့သည့် မွန်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး (၂/၂၀၁၉) တွင် အမည် စာရင်းတင်သွင်းခဲ့ပြီး ဇူလိုင်လ ၁၈ ရက် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ဦးထွန်းမင်းအောင်အား လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးအဖြစ် ခန့်အပ်ရန်နှင့် ပတ်သက်ပြီး လွှတ်တော်တွင် ကန့်ကွက်သူ မရှိသည့်အတွက် ဝန်ကြီးခန့်အပ်ခြင်းကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ဦးထွန်းမင်းအောင်သည် မွန်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ချောင်းဆုံမြို့နယ် ဒရယ်ရွာဇာတိ ဖြစ်သည်။

“ကိုယ်က ကိုယ်စားလှယ်ဘ၀တုန်း ကလည်း ပြည်သူဘက်ကို မျက်နှာမူပြီး လုပ်တယ်။ အခု ဝန်ကြီးဖြစ်လည်းပဲ မဲဆန္ဒ နယ်မြေကကိစ္စတွေကို ဒါထက် ပိုပြီးတော့ လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ပေးလိုက်တဲ့ ဝန်ကြီးတာဝန်ကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်” ဟု ဦးထွန်းမင်းအောင်က ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ယခင်က အစိုးရအဖွဲ့အတွင်း လစ်လပ်နေ သည့် ဝန်ကြီးဌာန ၂ ခုအတွက် ဝန်ကြီး ခန့်အပ်ခဲ့စဉ်က ပြင်ပက ပညာရှင်ကို ခေါ်ယူခန့်အပ်ခဲ့သော်လည်း ယခုဝန်ကြီး နေရာအတွက်မူ လွှတ်တော်ကိုယ်စား လှယ်ထဲမှ ခန့်အပ်ရန် ရွေးချယ်ခြင်းဖြစ် သည်။

ယဉ်စနိုင်း