ရေထွက်ကုန် ဈေးနှုန်းထိုးဆင်း

0
637
ရေထွက်ကုန်။

ငါးဖမ်းရာသီသုံးလရာနှုန်းပြည့် ပိတ်ခဲ့သဖြင့် ငါး၊ ပုစွန်၊ ကင်းမွန်စသည့် ရေထွက်ပစ္စည်း ထိမိရရှိမှုများသော်လည်း ဈေးနှုန်း ထိုးဆင်းနေသည်ဟု ရေလုပ်ငန်းရှင်နှင့် ရေထွက်ပစ္စည်း ရောင်းဝယ်သည့် လုပ်ငန်းရှင်အချို့ထံမှ သိရသည်။


ရေထွက်ကုန်အဓိကတင်ပို့နေသည့် ထိုင်းနိုင်ငံတွင် အလုပ်သမားအရေးကိစ္စကြောင့် အမေရိကန်နိုင်ငံက ရေထွက်ပစ္စည်းတင်ပို့နေသည့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို အောက်တိုဘာလက ပိတ်ပင်လိုက်သည့်အတွက် ထိုင်းဘက်မှ ကုန်ကြမ်းဝယ်ယူမှုများ နည်းသွားပြီး ရေထွက်ကုန်ဈေးများလည်း ကျဆင်းလာသည်ဟု ထားဝယ်ခရိုင်ငါး လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ပြောသည်။


ပြီးခဲ့သည့်နှစ်ကထက် ၃၀ ရာခိုင် နှုန်းခန့်အထိ ဈေးနှုန်းထိုးဆင်းသွားသည်ဟု ၎င်းက ပြောသည်။


“တရုတ်ဈေးကွက်ကလည်း နည်းနည်းအီလည်လည် ဖြစ်လာတယ်။ လမ်းပန်းဆက်သွယ် ရေးလည်း ပါတယ်။ ဒေသတွင်း မတည်ငြိမ်မှုလည်း ရှိနေတော့ ငါးဈေးတွေက ဆင်းလာတယ်။ ဆင်းလာတဲ့အပြင်မှာကို မြန်မာပြည်မှာရှိတဲ့ အခုတရုတ်စက်ရုံတွေရဲ့ ဝယ်လိုအားနဲ့ ဖမ်းဆီးရရှိမှုနဲ့ကလည်း ဖမ်းဆီးရရှိမှုက ပိုနေတယ်ဆိုတော့ ဈေးတွေကျလာတာ”ဟု ဦးကျော်ကျော်သက်က ဆိုသည်။


တနင်္သာရီတိုင်းမှထွက်သည့် ရေထွက်ပစ္စည်းများကို ဒေသတွင်းစားသုံးသူ၊ ဒေသတွင်း ငပိ၊ ငါးခြောက်လုပ်ငန်း နှင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ မော်လမြိုင်၊ ရန်ကုန်ရှိ အေးခန်းစက်ရုံများသို့ တင်ပို့ရောင်းချသည်ဟု ဦးကျော်ကျော်သက်က ဆိုသည်။


ငါးခြောက်လုပ်သည့် ငါးများကို ယခင်က ထိုင်းဘက်သို့တင်ပို့နေသော်လည်း ယခုအခါ ထိုင်းဘက်တွင် ဈေးကျ နေသဖြင့် ထားဝယ်ငါးခြောက်လုပ်သည့် နေရာများတွင် လာရောက်ရောင်းချမှုများရှိနေပြီး ငါးခြောက်လုပ်ငန်းများတွင်လည်း ငါးများပြီး အလုပ်သမားနည်းသဖြင့် မနိုင်မနင်းဖြစ်နေရသည်ဟု ၎င်းက ဆိုသည်။


ထိုင်းနိုင်ငံသည် ပင်လယ်စာတင်ပို့မှုတွင် ကမ္ဘာ့နံပါတ်သုံးအဆင့်ရှိနေပြီး ထိုင်းနိုင်ငံတွင်သာမက တရုတ်နိုင်ငံတွင်လည်း ရေထွက်ပစ္စည်းဈေးနှုန်းများကျဆင်းနေသည်ဟု ဦးကျော်ကျော်သက်က ပြောသည်။


ငါးကောင်းဝယ်ပြီး ထိုင်းနိုင်ငံသို့ ရောင်းချရာတွင် တွက်ချေမကိုက်သဖြင့် ထားဝယ်သို့ပြန်သယ်လာကာ ငါးခြောက်ပြန်လုပ်နေရသည်ဟု ထားဝယ်မြို့၊ ဆိပ်ကမ်းသာလမ်း၊ မြောင်းပုလဲရပ်ရှိ မမီး(AAA) ရေထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ကိုင်သူ မမီးမီးက ပြောသည်။

မိုးမြင့်