ထားဝယ်တွင် တောင်တက် စက်ဘီးဝယ်ယူသူပိုများလာ

0
1274
ထားဝယ်မြို့ရှိ တောင်တက်စက်ဘီးအရောင်းဆိုင် တစ်ဆိုင်။ ဓာတ်ပုံ - မိုးမြင့်

ထားဝယ်တွင် တောင်တက်စက်ဘီး ဝယ်ယူသူ ယမန်နှစ်ထက် ပိုများလာကြောင်း ထားဝယ်မြို့ရှိ စက်ဘီးအရောင်း ဆိုင်အချို့ထံမှ သိရှိရသည်။


စက်ဘီးပြိုင်ပွဲများ မကြာခဏကျင်းပလာသည့်အတွက် ယင်းသို့များလာခြင်း ဖြစ်နိုင်ကြောင်း ထားဝယ်မြို့ မြောင်းပုလဲရပ်၊ အလယ်လမ်းရှိ စက်ဘီးဆိုင်ပိုင်ရှင် ကိုအောင်ချမ်းက ပြောသည်။


“နောက်ပြီးတော့ ကျွန်တော်တို့ လူငယ်တွေ အုပ်စုအလိုက် စက်ဘီးစီးပြီး မောင်းမကန်တို့၊ တီဇစ်ကမ်းခြေတို့ကို သွားတဲ့အခါမှာ လူငယ်တွေအနေနဲ့ အားကျအတုယူပြီး သူတို့လည်း စက်ဘီးလိုက်စီးလာကြတယ်လို့ ထင်တယ်”ဟု ကိုအောင်ချမ်းက ဆိုသည်။


ပြီးခဲ့သည့်နှစ်က စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် တစ်လလျှင် စက်ဘီး ၁၀ စီးခန့်သာရောင်းရ သော်လည်း ယခုနှစ်တွင် တစ်လအစီးရေ ၂၀ ခန့် ရောင်းလာရသည်ဟု ကိုအောင်ချမ်းက ပြောသည်။


တောင်တက်စက်ဘီးတစ်စီးလျှင် ငွေကျပ် ၁ သိန်းခွဲမှစ၍ ဈေးအမျိုးမျိုးရှိပြီး ထားဝယ်တွင် ကျပ်တစ်သိန်းရှစ်သောင်းမှ ၅ သိန်းကြားရှိ တောင်တက်စက်ဘီးကို လူငယ်များအဝယ်များသည်ဟု သိရသည်။


တောင်တက်စက်ဘီးကို ကျန်းမာရေးလိုက်စားသည့် လူငယ်လူလတ်ပိုင်းများ အဝယ်များပြီး လုပ်ငန်းရှင်အချို့ လည်းငွေကျပ် သိန်း ၁၀ မှ သိန်း ၅၀ ကြားရှိ တောင်တက်စက်ဘီးများကို ဝယ်ယူစီးလာကြသည်ဟု ၎င်းက ပြောသည်။


မိုးမြင့်