နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲ အမှိုက်ကောက်ရာတွင် အမျိုးသမီးမပါရဟု ကန့်သတ်ထားခြင်းမရှိဘဲ နားလည်မှုလွဲခြင်းသာဖြစ်ဟုဆို

0
353

ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲ အမှိုက်ကောက်ရာတွင် အမျိုးသမီးမပါရဟု ကန့်သတ်ထားခြင်း မရှိဘဲ နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ဝင် (ပွဲတော်ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ)  ဦးထွန်းကြည်က ပြောသည်။

ဂေါပကအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ဂေါပကတို့ ဘုရားလှည့်ပွဲနှင့် ပတ်သက်သည့် အစည်းအဝေးတွင် စဉ်းစားချက် တစ်ခုအနေဖြင့် ဂေါပကအဖွဲ့ဝင်တစ်ဦး က အလွတ်သဘော ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းသည်။

အမှိုက်ကောက်ရာတွင်  အမျိုးသမီးငယ်များ ပါဝင်ပါက ပင်ပန်းလွန်းခြင်း၊ ဘုရားလှည့်ရာ နေရာအချို့တွင် မီးမှောင် နေခြင်း တို့ကြောင့် သားသမီး၊ မြေးချင်း ကိုယ်ချင်းစာကာ အလွတ်သဘောပြော ဆိုခဲ့ခြင်းသာဖြစ်သည်ဟု အထက်ပါ ဥက္ကဋ္ဌက ဆိုသည်။

အမျိုးသမီး ပါဝင်ခွင့်ပြုခြင်း/မပြု ခြင်းမှာ အမှိုက်ကောက်အဖွဲ့၏ ခေါင်း ဆောင်ကသာ ဆုံးဖြတ်မည်ဖြစ်ပြီး အဆိုပါ ခေါင်းဆောင်မှာ ခရီးလွန်နေသည့် အတွက် ယင်းအစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့အတွင်း နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်သည့် တန်ဆောင်မုန်းလ ဆန်း ၁၄ ရက်ညတွင် ဘုရားဖောင်များ၏ နောက်ဆုံးတွင် ထားဝယ်ဒေသခံ လူငယ်များပါဝင်သည့် အမှိုက်ကောက်အဖွဲ့ဖြင့် အမှိုက်သိမ်းဆည်းလေ့ရှိသည်။

ယခုနှစ်အမှိုက်ကောက်ရာတွင် အမျိုးသမီးများ ပါဝင်ခွင့်ပြုမည်မဟုတ် တော့ကြောင်း ဂေါပကအဖွဲ့က ကန့်သတ် ထားသည်ဟု ဆိုကာ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ပြီးခဲ့သည့် ရက်ပိုင်းက ဝေဖန်ပြောဆိုမှုများ မြင့်တက် ခဲ့သည်။

“ရပ်ကွက် အစည်းအဝေးမှာ ပြောတာကို သတင်းက ဘယ်လိုဖြစ်သွားလဲဆို အမှိုက်ကောက်ရာမှာ မိန်းကလေးတွေ မလိုက်ရဘူးဆိုပြီး ဖြစ်သွားတယ်”ဟု ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ က ပြောသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲတွင် အမှိုက်ကောက်အဖွဲ့ဖြင့် ကောက်လာသည် မှာ ၄ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

အမှိုက်ကောက်အဖွဲ့ဖြင့် စကောက်ချိန်မှ ပြီးခဲ့သည့်နှစ်အထိ အမျိုးသမီးများပါဝင်ခွင့်ပြုထားပြီး ယခုနှစ်တွင်လည်း ပါဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ကုသိုလ်ပြု သန့်ရှင်းရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးဟုတ်ရှိန်က ပြောသည်။

“နှစ်တိုင်းလုပ်နေသလိုပဲ ဆက် လုပ်သွားမယ်”ဟု ဦးဟုတ်ရှိန်က ဆိုသည်။

ပြီးခဲ့သည့်နှစ်က အမှိုက်ကောက် အဖွဲ့တွင် အမျိုးသား၊ အမျိုးသမီး ငါးရာခန့် ပါဝင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ် ကျင်းပမည့် တန်ဆောင် တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ ၁၁၀ ကြိမ်မြောက်ဖြစ်ပြီး မြန်မာပြည်အရပ်ရပ် မှ ဘုရားဖူးများ လာရောက်လေ့ရှိသည်။

Dawei Watch