ထားဝယ်မြို့အတွင်း အမှိုက်ပုံး တစ်ရာကျော် ထပ်ချမည်

0
598

ထားဝယ်မြို့အတွင်း လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများတွင် အမှိုက်ပုံး အလုံးရေ တစ်ရာကျော် ချထားမည်ဖြစ် ကြောင်း ထားဝယ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၁၁၀ လီတာဆံ့ ဘီးတပ်အမှိုက်ပုံး ၁၂၅ လုံးကို ငွေကျပ် ၇၅ သိန်း အသုံးပြုကာ ဝယ်ယူမည်ဖြစ်ပြီး တစ်လုံးလျှင်ခြောက် သောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ယင်းအမှိုက်ပုံးများကို ယခုနှစ် ဒီဇင်ဘာလခန့်တွင် နေရာချထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။

လက်ရှိတွင် ထားဝယ်မြို့အတွင်း အမှိုက်ပုံးအလုံးရေ ၁၁၀ ခန့် ချထားပြီးဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ ထံမှ သိရသည်။

ယင်းအမှိုက်ပုံးများမှာ လမ်းသွား လမ်းလာများ အမှိုက်ပစ်နိုင်ရန် ရည်ရွယ်ချထားခြင်းဖြစ်သော်လည်း မီးဖိုချောင်သုံး အမှိုက် လာရောက်စွန့်ပစ်မှုများရှိနေကြောင်း အမှုဆောင်အရာရှိက ဆိုသည်။

“ဒါကိုလည်း စည်းကမ်းတကျ ဖြစ်စေချင်တယ်”ဟု အမှုဆောင်အရာရှိက ပြောသည်။

လက်ရှိတွင် လမ်းဘေးအမှိုက်ပုံး အလုံးရေ တစ်ရာကျော်ချထားသည်ဟု ဆိုသော်လည်း လူစည်ကားသည့် စည်ပင်သာယာဈေးကြီးကဲ့သို့နေရာများတွင် အမှိုက်ပုံးများ မရှိပေ။

စည်ပင်ဈေးကြီးတစ်ဝိုက်တွင် အမှိုက်ပုံးမရှိသည့်အတွက် ခရီးသွားများက လမ်းဘေးသို့ လွှင့်ပစ်ခြင်း၊ ထုပ်ပိုး ကာယူသွားခြင်းများ မြင်တွေ့နေရကြောင်း ယင်းဈေးကြီးအနီး နေထိုင်သည့် အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးက ဆိုသည်။

“အရင်က ခဏလေးတော့ အမှိုက်ပုံး လာထားဖူးတယ်။ နောက်ပိုင်းမရှိတော့ဘူး။ လူစည်တဲ့နေရာဆိုတော့  အမှိုက်ပုံး ကို မဖြစ်မနေထားသင့်တယ်”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထားဝယ်မြို့သည် အာဆီယံက ချီးမြှင့်သည့် သန့်ရှင်းသော ခရီးသွားမြို့တော်ဆုကို ရရှိထားပြီး ပွင့်လင်းရာသီ တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ခရီးသွား ဧည့်သည် အများအပြား လာရောက် လေ့ရှိသည်။

ကိုဇော်