လူဦးရေ စာရင်းကောက်ရန် ကျပ်သိန်းတစ်ထောင်ကျော် သုံးရန် လျာထား

0
560

လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းအတွက် ထားဝယ်ခရိုင်အတွင်း ငွေကျပ်သိန်းတစ်ထောင်ကျော် သုံးစွဲရန် လျာထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

ရပ်ကွက်/ ကျေးရွာအလိုက် လူဦးရေ စာရင်းနှင့် အချက်အလက်များ ကောက် ယူပြုစုခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇွန်လမှ သြဂုတ်လအထိ ၃ လတာကာလအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

လူဦးရေစာရင်းကောက်ယူချိန် တွင် စာရွက်စာတမ်းစရိတ်၊ သွားလာမှု စရိတ်၊ ကောက်ယူသူများအတွက် နေ့တွက် စရိတ်များအတွက် ငွေကျပ်သိန်းပေါင်း ၁၃၀၀ ခန့်ကုန်ကျနိုင်ကြောင်း တွက်ချက်ကာ တိုင်းအစိုးရထံ တင်ပြထားကြောင်း ၎င်းက ဆိုသည်။

“အဓိကကုန်ကျစရိတ်က စာရွက် စာတမ်းဖိုးတွေများတယ်”ဟု ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

စာရင်းကောက်ယူရာတွင် ရပ်/ကျေး အုပ်ချုပ်ရေး၊ ထွေအုပ်ဝန်ထမ်း၊ လ၀က ၀န်ထမ်း၊ ပညာရေးဝန်ထမ်းများ ပါဝင်မည် ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ပြောသည်။

လက်ရှိတွင် စာရင်းကောက်ယူမည့် သူများကို သင်တန်းပေးရန် စီစဉ်နေပြီး ယခုလလယ်ပိုင်းတွင် စကောက်နိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။

ကောက်ယူရရှိသည့် လူဦးရေစာရင်း ကို အခြေခံကာ အခြေခံမဲစာရင်းကို ပြုစု မည်ဖြစ်ပြီး အခြေခံမဲစာရင်းပြုစုခြင်းကို  ဇွန်လမှ စက်တင်ဘာလအထိ လေးလတာ ကာလအတွင်း ဆောင်ရွက်ရမည်ဟု ညွှန် ကြားထားကြောင်း ဦးအောင်စိုးမိုးက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့ဖူးပြီး ဆယ်နှစ်တစ်ကြိမ် ကောက်ယူရန် စီစဉ်ထားသည်။   

Dawei Watch