လယ်ယာကုန်ထုတ်လမ်းနှင့် တံတားအတွက်ငွေကျပ်သန်းငါးရာကျော် လျာထား

0
515

လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျေး လက်လယ်ယာကုန်ထုတ်လမ်းနှင့် တံတား အတွက် ငွေကျပ်သန်းငါးရာကျော် လျာထားကြောင်း တနင်္သာရီတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

လယ်ယာကုန်ထုတ်လမ်း ၁၀ လမ်းနှင့် တံတား ၇ စင်းအတွက် ကျပ် ၅၅၇ ဒသမ ၁၉ သန်း လျာထားခြင်းဖြစ်သည်။

ကျေးလက်လယ်ယာကုန်ထုတ်လမ်းကို လယ်ပိုင်ရှင်နှင့် ဥယျာဉ်ခြံပိုင်ရှင်တို့၏ တောင်းဆိုချက်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ပြုလုပ်ပေးလျက်ရှိကြောင်း အထက်ပါဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး(နည်းပညာ) ဦးကျော်ကျော်အောင်က ပြောသည်။

လယ်ယာကုန်ထုတ်လမ်းနှင့် တံတား ဆောက်လုပ်ရန်အတွက် လယ်နှင့် ခြံပိုင် ရှင်များမှလိုအပ်သည့်မြေနေရာကို လှူဒါန်းကြပြီး ၎င်းတို့အားလုံး သဘောတူ ကြောင်းလက်မှတ်ရေးထိုးထားသည့် အထောက်အထားပါရှိပါမှ ဌာနမှကွင်းဆင်း စစ်ဆေးကာ ဘတ်ဂျက်တင်ပေးခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

လယ်ယာကုန်ထုတ်လမ်းနှင့် ဆိပ်ခံ တံတား၊ သံကူကွန်ကရစ်တံတားဆောက် လုပ်ပြီးပါက လယ်ယာနှင့် ဥယျာဉ်ခြံထွက် ပစ္စည်းများကို မြို့ဈေးနှုန်းအတိုင်းပြည့် ပြည့်၀၀ရရှိကာ အချိန်မီရောင်းချနိုင်မည် ဖြစ်ကြောင်း ဦးကျော်ကျော်အောင် ပြောသည်။

“ကုန်ထုတ်လမ်းလို့ ခေါ်လိုက်တာ ကျွန်တော်တို့က အဲဒီလမ်း ပေါ်မှာရှိတဲ့ တံတားပါဆက်စပ်ပြီးလုပ်ပေးတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါလယ်ယာကုန်ထုတ်လမ်း နှင့် တံတားများကို ထားဝယ်၊ မြိတ်၊ ရေဖြူ၊ ပုလော၊ လောင်းလုံးနှင့် သရက်ချောင်း မြို့နယ်များရှိ ကျေးလက်ဒေသများတွင် ဖောက်လုပ်မည်ဖြစ်ကြောင်း ဦးကျော်ကျော်အောင်က ဆိုသည်။

သရက်ချောင်းမြို့နယ်၊ ဆင်ကူး ကျေးရွာတွင်မူ ခြံပိုင်ရှင် တစ်ဦး၊ နှစ်ဦးက မြေလှူဒါန်းရန် သဘောမတူသည့်အတွက် ယခုအချိန်အထိ လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်ရန် အခက်အခဲရှိနေကြောင်း ယင်းကျေးရွာရှိ ဥယျာဉ်ခြံပိုင်ရှင် ဦးဝင်းဇော်က ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း  မြို့နယ် ၇ ခုတွင်  လမ်း ၇ လမ်း၊ တံတား ၅ စင်းကို  ငွေကျပ် ၄၇၅ ဒသမ ၅၄၄ သန်းဖြင့် ဖောက်လုပ်ပေးလျက် ရှိကြောင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

မိုးမြင့်