လျှပ်စစ်တစ်ယူနစ်ဈေးနှုန်း ကျပ်၂၅၀ ဇွန်လမှ စကောက်ရန် ကော်မတီ အကြံပြု

0
495

လျှပ်စစ်တစ်ယူဈေးနှုန်း ကျပ် ၂၅၀ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို ဇွန်လမှ စကောက်ရန် ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ဗဟိုကြီးကြပ်မှု ကော်မတီ အကြံပြုထားကြောင်း ယင်း ကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။

ပြီးခဲ့သည့် အပတ်က ကျင်းပခဲ့သည့် ကော်မတီအစည်းအဝေးတွင် ဇွန်လရောက်မှသာ ယူနစ်ဈေးနှုန်းတိုးကောက်ရန်၊ လမ်းမီးလင်းနေသည့် လမ်းတွင်သာ လမ်းမီးကြေးကောက်ခံရန်၊ တင်ဒါအသစ်ကို အမြန်ဆုံးခေါ်ယူရန် အစရှိသည့် အချက်များကို အကြံပြုထားကြောင်း ၎င်းက ပြောသည်။

တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အဆိုပါ ကော်မတီတွင် ကော်မတီအဖွဲ့ဝင် ၃၄ ဦး ပါဝင်သည်။

ယခင်က လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၂၀၀၊ လမ်းမီးကြေးအဖြစ် မီတာတစ်လုံးလျှင် ငွေ ကျပ် ၁၀၀ ကောက်ခံနေရာမှ ယခုနှစ် မေလမှ စတင်ကာ လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၂၅၀ နှင့် လမ်းမီးကြေးအဖြစ် မီတာ တစ်လုံးလျှင် ကျပ် ၄၀၀ တိုးမြှင့်ကောက်ခံ ခွင့်ပြုလိုက်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောဆိုထားသည်။

ထားဝယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် လူထုတွေ့ဆုံပွဲနှင့် မီဒီယာများက မေးမြန်းစဉ်တွင် ပြောဆိုထားခြင်း ဖြစ်သည်။

ယင်းသို့ပြောဆိုပြီးနောက်ပိုင်းတွင် ကော်မတီက အထက်ပါအတိုင်း အကြံပြုခဲ့ခြင်း ဖြစ်သည်။

အကြံပြုချက်များကို တိုင်းအစိုးရ အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ် မည်ဟု လျှပ်စစ်/စွမ်းအင်ဝန်ကြီးက ပြောဆိုသွားကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

“ဈေးနှုန်းသတ်မှတ်တယ်ဆိုတာ မသုံးစွဲခင်မှာ ချပြရမှာ၊ ဘယ်ဈေးနဲ့ ကောက်ခံမယ်ဆိုတာကို ချပြမှ အဆင်ပြေ မှာလေ”၎င်းက ပြောသည်။

လက်ရှိစာချုပ်ကို မဖျက်သိမ်းဘဲ ယူနစ်ဈေးနှုန်းကို ကျပ် ၂၅၀ ကောက်ခံခြင်း ကလည်း သဘာဝမကျကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

လက်ရှိ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် GGS ကုမ္ပဏီကိုပင် ယခုနှစ် အောက်တိုဘာလ ခန့်အထိ ယာယီလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ယင်းကာလအတောအတွင်း ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို တင်ဒါပြန်ခေါ်မည် ဖြစ်သည်။

လျှပ်စစ်ယူနစ်ဈေးနှုန်းကို ကော်မတီက အကြံပြုထားသည့်အတိုင်း ကောက်/ မကောက်ကို မေလ ၃၁ ရက်က ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်များကို အစိုးရအဖွဲ့ဝင် ၀န်ကြီးများက လက်မှတ်မထိုးရသေးသည့် အတွက် ထုတ်ပြော၍ မရသေးကြောင်း တိုင်းဒေသကြီး လျှပ်စစ်/စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

“ဆုံးတော့ ဆုံးဖြတ်ပြီးပြီ။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရ တစ်ဆင့်ကျန်သေး တယ်ပေါ့”ဟု ၀န်ကြီးဦးအောင်သူရက ပြောသည်။

Dawei Watch