ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရေးစာချုပ် ဥပဒေချုပ်ရုံးကို ပေးပို့ခြင်း မရှိဟုဆို

0
533

ထားဝယ်ခရိုင်လျှပ်စစ်အတွက် GGS ကုမ္ပဏီနှင့် တိုင်းအစိုးရတို့ ချုပ်ဆိုခဲ့သည့် စာချုပ်မှာ တိုင်းဥပဒေချုပ်ရုံးသို့ တရားဝင် ပေးပို့ခဲ့ခြင်း မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်က ပြောဆိုလိုက် သည်။

ခရိုင်လျှပ်စစ်ထုတ်လုပ်ရေးစာချုပ်ကို ၂၀၁၆ ခုနှစ်ဒီဇင်ဘာလက တိုင်းဒေသကြီး အစိုးရနှင့် GGS ကုမ္ပဏီတို့ ငါးနှစ်စာ အတွက် စာချုပ်ချုပ်ဆိုထားပြီး ကွက်လပ် စာချုပ်အဖြစ် လူသိများသည်။

တိုင်းအစိုးရနှင့် GGS ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် လျှပ်စစ်ထုတ်လုပ်ရေး စာချုပ်မူကြမ်းကိုသာ ဖတ်လိုက်ရပြီး ၎င်းထံ တရားဝင် ပေးပို့လာခြင်းမရှိဘဲ စာချုပ်တွင် လက်မှတ်ထိုးပြီးမှသာ သိရကြောင်း တိုင်းဥပဒေချုပ် ဦးစိုးမြင့်က ဆိုသည်။

အစိုးရအနေဖြင့် စာချုပ် ချုပ်ဆိုမည် ဆိုပါက တိုင်းဒေသကြီး ဥပဒေချုပ်ရုံးသို့ တရားဝင်ပေးပို့ရမည်ဖြစ်ပြီး တိုင်းဥပဒေ ချုပ်ရုံး မှတစ်ဆင့် ပြည်ထောင်စု ရှေ့နေ ချုပ်ရုံးထံ ဆက်လက်ပေးပို့ရကြောင်း တိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့်က ဆိုသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးက စာချုပ် မူကြမ်းကို စိစစ်၍ အကြံပြုချက်နှင့် အတူ ပြန်လည်ပေးပို့ပြီးမှသာ သဘောတူ လက်မှတ်ထိုးလေ့ရှိကြောင်း ၎င်းက ပြောသည်။

“ GGS နဲ့ ချုပ်တဲ့စာချုပ်ဟာ ပြည် ထောင်စုရှေ့နေချုပ် ကျွန်တော်တို့ ဌာနရဲ့ အကြံဥာဏ်မပါဘူး၊ မပါတာက တရားဝင် မတောင်းခဲ့လို့ မပါခြင်း ဖြစ်ပါတယ်”ဟု ဦးစိုးမြင့်က ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်က မီဒီယာများအား ဖြန့်ဝေခဲ့သည့် စာချုပ်တွင် အရေးပါသည့် အချက် အလက် နေရာများတွင် ကွက်လပ်များ ချန်လှပ်ထားသည်။

အဆိုပါ လျှပ်စစ်ထုတ်လုပ်ရေး စာချုပ်တွင် လုပ်ကိုင်ခွင့်ပြုသူ၏ နေရာ တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူးဖြစ်သူ ဦးဝင်းရှိန်က လက်မှတ်ထိုးထားပြီး  လုပ်ကိုင်ခွင့်ရသူ၏ နေရာတွင် ဦးအောင်မြတ်က လက်မှတ်ထိုးထားသည်။

စာချုပ်၏ နောက်တစ်မျက်နှာတွင် လုပ်ကိုင်ခွင့်ပြုသူ၏ နေရာတွင် တိုင်းအစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်က လက်မှတ်ထိုးထားပြီး လုပ်ကိုင်ခွင့်ရသူ၏ နေရာတွင် ဦးသိန်းထွေးက လက်မှတ် ထိုးထားသည်။

အသိသက်သေများနေရာတွင် ယခင်တိုင်းဒေသကြီး လျှပ်စစ်/စွမ်းအင် ၀န်ကြီး ဦးကြည်လှိုင်၊ တိုင်းလျှပ်စစ်မှ အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဍ၊ ဦးအောင်မြတ်နှင့် Andrew Lee တို့က လက်မှတ်ထိုးထားသည်။

လက်ရှိတွင် လျှပ်စစ်တစ်ယူနစ်ဈေး နှုန်းကို ၂၀၀ ကျပ်မှ ၂၅၀ ကျပ်သို့ တိုးမြင့်ကောက်ခံခွင့်ပြုထားသည်။

တချိန်တည်းတွင်ပင် ၂၀၁၉ ခုနှစ် စက်တင်ဘာလခန့်အထိ ကာလတိုလုပ် ကိုင်ခွင့်ရမည့် စာချုပ်တစ်ရပ် ချုပ်ဆိုရန် တိုင်းအစိုးရက လုပ်ဆောင်နေသည်။

GGS ကုမ္ပဏီက သဘာဝဓာတ်ငွေ့ ဖိုး ကျပ်ငွေ ၁၀ ဘီလီယံနီးပါးကို နိုင်ငံ တော်သို့ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် အတွက် အကြွေးကို လေးရစ်ခွဲကာ ပြည် ထောင်စုအစိုးရသို့ ပေးဆောင်နေကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးထံမှ သိရသည်။

ကိုဇော်