တနင်္သာရီနှင့် ကချင် ဌာနေတိုင်းရင်းသားလူမျိုးစုများ ယဉ်ကျေးမှု ဖလှယ်မည်

0
688

တနင်္သာရီတိုင်းဒေသကြီး ဌာနေတိုင်းရင်းသားများနှင့် ကချင်ပြည်နယ် ဌာနေတိုင်းရင်းသားလူမျိုးစုများ နေပြည် တော်တွင် ၄ ရက်ကြာ တွေ့ဆုံကြမည်ဟု တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနတာဝန်ခံ အရာရှိထံမှ သိရသည်။

မေလ ၂၈ ရက်နေ့မှ ၃၁ ရက်အထိ တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဌာနေ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များက မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများ အပြန်အလှန် ဆွေးနွေး ဖလှယ်ကြမည်ဖြစ်ကြောင်း တာဝန်ခံ အရာရှိ ဒေါ်နော်မာလေးက ပြောသည်။

“တိုင်းရင်းသားတွေ အချင်းချင်း သူတို့ရဲ့ ဓလေ့ထုံးစံတွေ ဖလှယ်ဖို့ရယ်၊ ပြီးတော့ ရင်နှီးချစ်ကြည်မှု ရှိတဲ့ ပြည် ထောင်စု အဓွန့်ရှည်ဖို့ပေါ့နော်”ဟု ဒေါ်နော်မာလေးက ပြောသည်။

တွေ့ဆုံပွဲ တက်ရောက်သူများသည် နေပြည်တော်ရှိ သွားရောက်သင့်၊ လေ့လာ သင့်သည့်နေရာများကို သွားရောက်လည်ပတ် ခွင့်ရမည်ဟု ၎င်းက ပြောသည်။

ယခုတွေ့ဆုံပွဲမှာ ရခိုင်နှင့် ရှမ်း တွေ့ဆုံပွဲပြီးနောက် တိုင်းနှင့်ပြည်နယ် အလိုက် ဌာနီတိုင်းရင်းသားများ ဒုတိယ မြောက် တွေ့ဆုံဖလှယ်ပွဲ ဖြစ်သည်။

တွေ့ဆုံပွဲသို့ တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ ကရင်၊ မွန်၊ ထားဝယ်၊ ဆလုံ စာပေနှင့် ယဉ်ကျေးမှုအသင်းများက ကိုယ်စားလှယ် ၁၁ ဦးစီ စုစုပေါင်း ၄၄ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံပွဲတက်ရောက်နိုင်ရေး ကရင်၊ မွန်၊ ထားဝယ် စာပေနှင့် ယဉ်ကျေးမှု အသင်းများကို ချိတ်ဆက်ရသည်မှာ လွယ်ကူသော်လည်း မြိတ်အခြေစိုက် ဆလုံ စာပေနှင့် ယဉ်ကျေးမှုအသင်းမှာ ချိတ်ဆက်ရ ခက်ခဲသဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် ချိတ် ဆက်ခဲ့ရကြောင်း ဒေါ်နော်မာလေးက ပြောသည်။

ယခုတွေ့ဆုံပွဲတွင် တက်ရောက်ရန် ရွေးချယ်စေလွှတ်ခံရသည့် ကော့သောင်း မြို့နယ်မှ စူငယ်ဘာလိုင်းကျေးရွာအုပ်စုမှ ဆလုံလူမျိုးစုကိုယ်စားလှယ်များမှာ ယခုပွဲနှင့် ပတ်သက်၍ မည်သည့် သတင်း အချက်အလက်မှ မရရှိခဲ့ကြောင်း စူငယ် ဘာလိုင်းကျေးရွာအုပ်စု မကြုံကလက်ရွာမှ ဦးခင်မောင်ထွေးက ပြောသည်။

“သွားတဲ့ ဆလုံကလေးတွေရော၊ မိဘတွေရော ခရီးစဉ်အကြောင်း ဂဃဏန ဘာမှ မသိရဘူးပေါ့။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့လည်း ဘာမှ မသိဘူးပြောတယ်။ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်အဖွဲ့အစည်းက တာဝန် ယူပြီး ခေါ်တာလဲ သိချင်တာပေါ့၊ သိရင် ကြိုပြင်ပေးစရာရှိတာတွေ ပြင်ပေးလို့ရ တာပေါ့””ဟု ဦးခင်မောင်ထွေးက ပြောသည်။

Dawei Watch