ဘဏ်ချေးငွေရသည့် SME လုပ်ငန်း ခုနှစ်ခုသာရှိ

0
492

အချိန်တစ်နှစ်ကျော်ကာလအတွင်း ဘဏ်ချေးငွေရသည့် SME လုပ်ငန်း ခုနစ်ခုသာရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး မြန်မာ့စီးပွားရေးဘဏ်(တိုင်းဒေသကြီးရုံး) နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ ယခုနှစ် မေလ လက်ရှိအချိန်ထိ ချေးငွေရရှိသည့် MSME(အသေးစား၊ အငယ်စား၊ အလတ် စား) လုပ်ငန်း ၇ ခုကိုသာ ချေးငွေထုတ် ချေးထားသည်။

ဘဏ်အသီးသီး ချေးငွေလျှောက် ထားမည်ဆိုပါက SMEဌာန၏ SMEအဖွဲ့ဝင်ကတ်ပြားရှိရန်လိုအပ်ပြီး ဌာန၏ ထောက်ခံချက် (လုပ်ငန်းအမှန်တကယ် လုပ်နေကြောင်းနှင့် လုပ်ငန်းရှင်ဖြစ်ကြောင်း)လည်းလိုအပ်သည်။

ယင်းကာလအတွင်း SME လုပ်ငန်းရှင် ၂၁၂ ဦးကို ထောက်ခံချက်ထုတ်ပေးခဲ့ ကြောင်း SMEဌာန ကြီးကြပ်ရေးမှူး ဦးမင်းအောင်က ဆိုသည်။

ထောက်ခံချက်ပေးခဲ့သည့် လုပ်ငန်းရှင် နှစ်ရာကျော်အနက် CB ဘဏ်တွင် ချေးခွင့် ရသည့် လုပ်ငန်းရှင်နှစ်ဦးနှင့် မြန်မာ့စီးပွား ရေးဘဏ်တွင် ချေးခွင့်ရသည့် လုပ်ငန်းရှင် ငါးဦးသာရှိကြောင်း အထက်ပါဌာနများ ထံမှ သိရသည်။

CB ဘဏ်တွင် ကကတစ်ငါးမွေး မြူရေး လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း ၁၀၀ နှင့် ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း ၅၀ ချေးခွင့်ရကြောင်း SMEဌာနထံမှ သိရသည်။

မြန်မာ့စီးပွားရေးဘဏ်တွင်အာမခံ ပစ္စည်းပေးရန်မလိုသော ချေးငွေအာမခံစနစ် (CGI) ဖြင့် ငွေကျပ်သိန်းနှစ်ရာအောက် ချေးခွင့်ရသူ ငါးဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်(တိုင်းဒေသကြီးရုံး)ထံမှ သိရသည်။

SME ဌာန၏ ထောက်ခံချက်ဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမ၀ါယမ (CB)ဘဏ်၊ မြန်မာနိုင်ငံသား များဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ကမ္ဘောဇ ဘဏ်နှင့် ယူနိုက်တက်အမရာဘဏ်တို့ တွင် အပေါင်ပစ္စည်းတင်ပြကာ ငွေကျပ် သန်း ၅၀၀ အထိ အများဆုံးချေးနိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း SME လုပ်ငန်းရှင်များ ချေးငွေရရှိမှု နည်းပါးလွန်းနေကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

ယင်းအတွက်ကြောင့် ဒုသမ္မတဦးဆောင်သည့် ကော်မတီတွင်လည်း တင်ပြ ခဲ့ပြီး ချေးငွေရရှိမှု လွယ်ကူစေရန် နေပြည်တော်ရှိ စည်ပင်ဘဏ်နှင့် ချိတ်ဆက်ထား ကြောင်း ၎င်းက ပြောသည်။

“အဓိက ကတော့ ချေးငွေပြဿနာက SME ရဲ့ ယှဉ်ပြိုင်ရေးအတွက်၊ SME ဦးမော့လာရေးအတွက်ကို အဓိကကျတဲ့ အခက်အခဲတစ်ခုဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်ကလည်း ကြိုးစား ဆောင်ရွက်နေပါတယ်”ဟု ၀န်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

မြန်မာ့စီးပွားရေးဘဏ်တွင် ကုန်ထုတ် လုပ်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ရောင်း ၀ယ်မှုလုပ်ငန်း၊ ပြည်ပပို့ကုန်လုပ်ငန်း၊ Recycling နှင့်Energy saving လုပ်ငန်းနှင့် နည်းပညာအခြေခံထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းရှင်များက ကျပ် သန်း ၃၀၀ အထိ ချေးယူနိုင်ကြောင်း အဆိုပါ ဘဏ်၏ တိုင်းဒေသကြီး မန်နေဂျာ ဦးထွန်းထွန်းဝင်းက ဆိုသည်။

ငွေချေးယူမည်ဆိုပါက အာမခံ အတွက် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း (မြေနှင့် အဆောက်အအုံ) သို့မဟုတ် ရွှေ့ ပြောင်းနိုင်သည့် ပစ္စည်း (စက်၊ ယာဉ်၊ ယန္တရား)များကို အာမခံအဖြစ် ထားရှိရ မည်ဖြစ်ပြီး အာမခံထားရှိသည့် တန်ဖိုးအပေါ် မူတည်ကာ ချေးသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အနည်းဆုံးချေးယူနိုင်သည့် ငွေပမာဏကို သတ်မှတ်ထားခြင်းမရှိဘဲ အများဆုံး ချေးယူနိုင်သည့် ပမာဏကိုသာ သတ်မှတ် ထားပြီး အတိုးနှုန်းမှာ တစ်နှစ်အတွက် ၉ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရ သည်။

ယင်းအပြင် အာမခံပစ္စည်းပေးရန် မလိုသည့် ချေးငွေအာမခံစနစ် (CGI) ဖြင့် ကျပ်သိန်း ၂၀၀ အထိ ချေးနိုင်ကြောင်း ဦးထွန်းထွန်းဝင်းက ဆိုသည်။

ဘဏ်ချေးငွေရယူရန် လာရောက် စုံစမ်းသူ ၅၀ ဦးခန့်အထိရှိသော်လည်း ချေးငွေလာလျှောက်သူ နည်းပါးနေ ကြောင်း ၎င်းက ပြောသည်။

“အကြောင်းအမျိုးမျိုး မပြည့်စုံတာကြောင့် မချေးကြတာများတယ်”ဟု ဦးထွန်းထွန်းဝင်းက ဆိုသည်။

SME ချေးငွေလျှောက်ထားမည် ဆိုပါက ချေးငွေအသုံးပြုမည့်ရည်ရွယ်ချက်၊ ရင်းနှီးမြှုပ်နှံမည့် အသေးစိတ်တွက် ချက်မှု၊ မြေပိုင်ဆိုင်မှုအထောက်အထား၊ လုပ်ငန်းလိုင်စင်၊ အခွန်ပြေစာ၊ ငွေသားစီးဆင်းမှုအခြေအနေ အစရှိသည့် အချက်များ တင်ပြရမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်(တိုင်းဒေသကြီးရုံး)ထံမှ သိရသည်။                    

Dawei Watch