ပျက်စီးသွားသည့် ပသျှူးရေရွာ တာတမံ လာမည့်ဘဏ္ဍာနှစ် ပြန်ပြင်ပေးမည်

0
549

ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာ အုပ်စု၊ ပသျှူးရေကျေးရွာတွင် ယမန်နှစ် မိုးတွင်းကာလက ပျက်စီးသွားသော ပေတစ်ထောင်ရှိ တာတမံကို လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာအရ သိရသည်။

မတ်လနောက်ဆုံးအပတ်ကကျင်းပသည့် အမျိုးသားလွှတ်တော်ပုံမှန်အစည်း အဝေးတွင် ရေဖြူမြို့နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်း၏မေးခွန်းကို အဆိုပါဝန်ကြီးဌာနမှ ဧပြီလ ၂၇ ရက် စာဖြင့်ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ဖြေကြားထားခြင်း ဖြစ်သည်။

ဟိန္ဇဲချောင်းမှ ပသျှူးရေကျေးရွာအတွင်း ရေငန်မ၀င်ရောက်စေရန် တားဆီး ပေးထားသည့် ယင်းတာတမံသည့် ၂၀၁၈ ခုနှစ်တွင်ပျက်စီးသွားခဲ့ကြောင်း ဦးဟန်ဝင်းသိန်းက ပြောသည်။

ယင်းပျက်စီးသွားသည့် တာတမံကို ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ် တနင်္သာရီ တိုင်းအစိုးဖွဲ့၏ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်း ရန်ပုံငွေတွင် ထည့်သွင်းတွက်ချက်ဆောက်ရွက်ပေးမည်ဖြစ် ပြီး ခွင့်ပြုချက်ရရှိပါက ယင်းတာတမံကို ပြန်ပြင်ဆောက်ပေးဖြစ်ကြောင်း ၀န်ကြီးဌာန၏ စာတွင်ဖော်ပြထားသည်။

“အမျိုးသားလွှတ်တော်မှာ ပသျှူးရေရွာ တာတမံအကြောင်း မေးခွန်းမေးတဲ့ အချိန် ဆိုရင် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်က တွက်ထား ပြီးသားဖြစ်နေလို့ နောက်ဘတ်ဂျက်မှ လုပ်ပေးမယ်လို့ပြောတာ”ဟု ဦးဟန်ဝင်းသိန်း က ဆိုသည်။

ယင်းတာတမံကို ပသျှူးရေကျေးရွာ သားများထည့်ဝင်သည့်ရန်ပုံငွေ၊ တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ရန်ပုံငွေတို့ဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်ဆောင်ရွက်ထားခြင်း ဖြစ်ပြီး တာတမံအရှည် ပေတစ်ထောင်ရှိကြောင်း ၎င်းက ဆိုသည်။

ကျော်သူစိုး