တနင်္သာရီဂျာနယ် အယူခံအမှု ပလပ်ခံရ

0
513

တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့် တနင်္သာရီဂျာနယ်အမှုကို ခရိုင်တရားရုံးက မေလ ၃ ရက်တွင် ပလပ်ကြောင်း အမိန့်ချလိုက်သည်။

မဲဆွယ်အပြုံး သရော်စာဖော်ပြမှုကြောင့် တိုင်းအစိုးရက စွဲဆိုသည့်အမှုကို ထားဝယ်မြို့နယ်တရားရုံးက ဒဏ်ငွေ ငါးသိန်းကျပ် ပေးဆောင်စေရန် အမိန့်ချ ခဲ့ပြီးနောက် ခရိုင်တရားရုံးထံ အယူခံတင်သွင်းရာ ယင်းကဲ့သို့ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ထားဝယ်မြို့နယ်တရားရုံး၏ သုံးသပ်ချက်မှာ မှန်ကန်နေသည့်အတွက် အယူခံအမှုကို ပလပ်သည့်အမိန့် ချလိုက်ခြင်းဖြစ်ကြောင်း ခရိုင်တရားသူကြီး ဒေါ်ခင်နှင်းထွဋ်က ဆိုသည်။

မဲဆွယ်အပြုံးသရော်စာပါ ရေးသားချက်များမှာ အများပြည်သူအကျိုးအတွက် ရည်ရွယ်၍ ထောက်ပြခြင်း၊ သတင်းအချက် အလက်ဖြင့်ဖော်ပြခြင်းမျိုး မဟုတ်ဘဲ လူပုဂ်္ဂိုလ်နှင့် အဖွဲ့အစည်း တစ်ခုခု၏ ဂုဏ်သိက္ခာထိခိုက်စေရန် ရေးသားဖော်ပြ ခြင်းဖြစ်သည်ဟု မြို့နယ်တရားရုံးက သုံးသပ်ထားကြောင်း ၎င်းက ပြောသည်။

မြို့နယ်တရားရုံးက ချမှတ်ထားသည့် အမိန့်ကို မှားယွင်းခြင်းမရှိဟု သုံးသပ်ကာ ခရိုင်တရားရုံးက ပလပ်လိုက် ခြင်းကြောင့်  တိုင်းဒေသကြီးတရားလွှတ်တော်ထံ အယူခံတက်ရန်ရှိကြောင်း တနင်္သာရီ ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက် နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

“ကျွန်တော်တို့ အမှုသည်နဲ့ တိုင်ပင် ပြီးတော့ ဒီအယူခံတက်ရမယ့် နည်းလမ်း ကိုပေါ့နော်။ ရွေးချယ်ပြီးတော့ လုပ်သွား ဖို့ရှိပါတယ်”ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီတိုင်း ၀န်ကြီးချုပ်(ဟောင်း)နှင့် တိုင်းအစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲ ဆိုခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော်အကြာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထားဝယ်မြို့နယ်တရားရုံးက အမိန့်ချခဲ့ ခြင်းဖြစ်သည်။

ကိုဇော်