စိုက်ပျိုးရေးလုပ်ငန်းမြေခွန်နှုန်းထား ခေတ်နှင့်အညီကောက်ခံနိုင်ရေး ဥပဒေမူကြမ်း ရေးဆွဲ

0
560

မြေစာရင်းဌာနက ကောက်ခံနေသည့် မြေယာနှုန်းထားများမှာ ခေတ်ကာလနှင့် ကိုက်ညီခြင်း မရှိတော့သည့်အတွက် တနင်္သာရီတိုင်းဒေသကြီး မြေယာခွန် ဥပဒေမူကြမ်း ရေးဆွဲလျက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

ဧပြီလ ၁၀ ရက်က ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက တိုင်းအတွင်း မြေစာရင်းဌာနမှ ကောက်ခံနေသည့် မြေခွန်နှုန်းထားများသည်  ခေတ်ကာလနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် တိုင်းဒေသကြီး မြေခွန်ဥပဒေအား ပြဋ္ဌာန်းပေးရန် အစီ အစဉ် ရှိ/မရှိ မေးမြန်းခဲ့သည့်အပေါ် ၀န်ကြီး ဦးမြင့်စန်းက ယင်းသို့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

မြေယာခွန်ဥပဒေမူကြမ်းရေးဆွဲရေး ကော်မတီက ဥပဒေမူကြမ်းကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စတင်ရေး ဆွဲခဲ့ကြောင်း ဦးမြင့်စန်းက ပြောသည်။

လက်ရှိတွင် ပထမအကြိမ် မူကြမ်း၊ ဒုတိယအကြိမ်မူကြမ်းနှင့် တတိယအကြိမ် မူကြမ်းများကို ညှိနှိုင်းဆွေးနွေးတည်ပြုထားပြီးဖြစ်ပြီး လိုအပ်ချက်များအား ပြင် ဆင်ဖြည့်စွက် အကြံပြုနိုင်ရန်အတွက် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးထံ ယခု ရက်ပိုင်းအတွင်း ပေးပို့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြေယာခွန် ဥပဒေမူကြမ်းတွင် တစ်ဧက နှုန်းထားကို မည်မျှသတ်မှတ်ထားသည် ကိုမူ ဖြေဆိုခဲ့ခြင်း မရှိပေ။

ပြင်ဆင်မည့် နှုန်းထားမှာ ခေတ် စနစ်နှင့်အညီ ပြည်သူများ ၀န်မပိစေနိုင် သည့် သင့်လျော်သည့် နှုန်းထားဖြင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ပုလောမြို့နယ် မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက ပြောသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသည် ၁၈၇၆ ခုနှစ် မြေနှင့်အခွန်အက်ဥပဒေအရ လယ်တစ်ဧကလျှင် ငွေတစ်ကျပ်ခွဲမှ ငါးကျပ်နှစ်ဆယ့် ငါးပြား၊ ဥယျာဉ်ခြံတစ်ဧကလျှင် ငွေတစ် ကျပ်ခွဲမှ လေးကျပ်ခုနစ်ဆယ့်ငါးပြား၊ ဓနိတောတစ်ဧကလျှင် လေးကျပ်နှုန်းဖြင့်  ကောက်ခံနေကြောင်း ဦးကျော်မင်းက ဆိုသည်။

“ပြောင်းလဲလာတဲ့ မြန်မာ့ငွေကြေး စနစ်အရ တစ်ကျပ် နှစ်ကျပ်ဆိုတဲ့နှုန်းထား သည် အင်မတန်နည်းပါးတဲ့ အခြေအနေ ကို ရောက်ရှိနေ ပါတယ်”ဟု တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း က ပြောသည်။ တနင်္သာရီတိုင်းအတွင်း စုစုပေါင်း စိုက်ပျိုးဧက ၁၁ သိန်းခန့်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ အချက်အလက်ကို ကိုးကား၍ ဦးကျော်မင်းက ပြောဆိုခဲ့သည်။ 

Dawei Watch