ဒီရေတောရှင်းကာ ပုစွန်မွေးမြူရေး လုပ်ကိုင်မှု ရပ်နားထားသင့်ဟု တိုင်းလွှတ်တော်မှ သဘောထားမှတ်ချက်ပေး

0
1538

ခွင့်ပြုချက်မရှိဘဲ ဒီရေတောများ ရှင်းလင်းကာ ပုစွန်မွေးမြူရေးစီမံကိန်း လုပ်ဆောင်နေမှုကို ရပ်နားထားသင့် သည်ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က သဘောထားမှတ်ချက် ပေးလိုက်ကြောင်း လွှတ်တော်ဥက်္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ကျွန်းစု မြို့နယ်အတွင်း ရေငန်ပုဇွန်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေမှုနှင့် ပတ်သက်၍ ကုမ္ပဏီဘက်မှ တိုင်းလွှတ်တော်တွင် မတ်လ ၁၈ ရက်က တင်ပြရှင်းလင်းခဲ့ရာ ယင်းသို့ သဘောထားမှတ်ချက် ပြုခဲ့ခြင်း ဖြစ်သည်။

ရှင်းလင်းပွဲတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များက ကုမ္ပဏီအနေဖြင့် သက်ဆိုင်ရာဌာန အသီးသီး၏ ခွင့်ပြုချက်များရရှိမှသာ ဆက်လက်အကောင်အထည်ဖော်သင့်ကြောင်း သဘောထားမှတ်ချက် ပေးခဲ့ ကြသည်ဟု ဦးခင်မောင်အေးက ပြောသည်။

“ခွင့်ပြုချက်ရမှ လာ၊ ခွင့်ပြုချက် မရရင် မလာနဲ့”ဟု ကုမ္ပဏီကို ပြောလိုက်ကြောင်း ဦးခင်မောင်အေးက ပြော သည်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ကုမ္ပဏီနှစ်ခုက ဒီရေတော ဧက ထောင်ချီအပြောင်ရှင်းကာ ပုစွန်မွေးမြူရေးလုပ် ကိုင်နေသည့်ကိစ္စကို ကျွန်းစုမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက မတ်လ ၄ ရက်က အမျိုးသား လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ရာ ၎င်းကုမ္ပဏီတို့တွင် သက်ဆိုင်ရာဝန်ကြီးဌာန တို့၏ ခွင့်ပြုချက်များ ရရှိထားခြင်း မရှိဟု ပြည်ထောင်စု စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ဦးဆက်အောင်က ဖြေဆိုခဲ့သည်။

တိုင်းအစိုးရက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် လုပ်ငန်း ပမာဏကြီးမားသဖြင့် မြေများ ပြုပြင်ခြင်း၊ မြေညှိခြင်း စသည်တို့ကို ကြိုတင် လုပ်ဆောင်ခွင့်ပြုထားကြောင်း လွှတ်တော်မှ စိစစ်တွေ့ရှိရကြောင်း ဦးခင်မောင်အေးက ပြောသည်။

“လုပ်ငန်းကို ဥပဒေပြင်ပကနေပြီး ချဉ်းကပ်ခွင့်ပြုထားတာတွေ လုပ်တာ မကောင်းဘူးပေါ့၊ ဒါက ပြည်သူအားလုံး နဲ့လည်းဆိုင်တယ်၊ သဘာဝပတ်ဝန်းကျင် နဲ့လည်း ဆိုင်တယ်”ဟု ဦးခင်မောင်အေး က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီ ၁၃ ရက် မြိတ်ခရီးစဉ်တွင် ဒေသခံ တစ်ဦးက ယင်းပုစွန်မွေးမြူရေးလုပ်ငန်း အကြောင်း မေးမြန်းရာ တိုင်းဒေသကြီး စိုက်/မွေး/ဆည်ဝန်ကြီး ဦးမြင့်စန်းက လုပ်ငန်ကို ခွင့်ပြုထားခြင်း မရှိကြောင်း ဖြေဆိုခဲ့ဖူးသည်။

Dawei Watch