ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် အလွန် တိုင်းသားတို့ ဘာမျှော်လင့်နေလဲ

0
779

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်အချို့၏ တနင်္သာရီတိုင်းဒေသကြီး ၃ ရက်တာ ခရီးစဉ် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

တိုင်းဒေသကြီး၏ ၀န်ကြီးချုပ်နှင့်၊ ၀န်ကြီးဖြိုးဝင်းထွန်း၊ NLD ပါတီ တိုင်း ဥက္ကဋ္ဌတို့ အဂတိလိုက်စားသည်ဟု အတိုင်ခံထားရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် ပေါ်ပေါက်လာသဖြင့် တိုင်းတွင်း၌ အတော်ပင် လှုပ်ခတ်ခဲ့သည်။

ထို့အတူ ခရိုင်မြို့ကြီး ၃ ခု ဖြစ်သည့် မြိတ်၊ ကော့သောင်း၊ ထားဝယ်လူထုတွေ့ဆုံပွဲများကို မြို့တော်ခန်းမ အသီးသီးတွင် ကျင်းပခဲ့ရာ အဂတိဖြင့် အတိုင်ခံထားရသူများကို ဖြုတ်ပေးရန်၊ စစ်ဆေးအရေးယူပေးရန် ခန်းမအတွင်း တိုက်ရိုက်တင်ပြမှုများ၊ ဆိုင်းဘုတ်ထောင် အရေးဆိုမှုများ မြို့ ၃ မြို့ စလုံးတွင် ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက် မြိတ်လူထုတွေ့ ဆုံပွဲတွင် အစိုးရအဖွဲ့ဝင်များနုတ်ထွက် ပေးရန် တောင်းဆိုခဲ့သည့် မြိတ် ၈၈ မျိုးဆက် ဦးလှမော်က တိုင်းအစိုးရသက်တမ်း ၃ နှစ်ရှိလာပြီ ဖြစ်သော်လည်း တိုင်းအတွင်း ဖြစ်ပေါ်နေသည့် ပြဿနာ အရပ်ရပ်ကို ဖြေရှင်းပေးနိုင်ခြင်း မရှိ သည့်အပြင် စီမံခန့်ခွဲမှု ညံ့လွန်းနေသောကြောင့် တောင်းဆိုရခြင်း ဖြစ်ကြောင်း ပြောသည်။

“အသံမျိုးစုံထွက်တဲ့အပြင် စီမံခန့်ခွဲမှု ညံ့ပြီးယန္တရားတစ်ရပ်ကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိဘူး။ တွဲပြီး လိုက်ပါ နေတဲ့ ၀န်ကြီးတွေကလည်း ညံ့တယ်။ တိုင်းပါတီဥက္ကဋ္ဌကလည်း မျက်ကွယ်ပြုထားတယ်။ နောက် ၂ နှစ်လည်း ကျွန်တော်တို့ မစောင့်နိုင်ဘူး။ ဒါကြောင့် လူပြောင်းပေးဖို့ တောင်းဆိုခဲ့တယ်”ဟု ဦးလှမော်က ပြောသည်။

မြိတ်၏ တောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ပြန်ဖြေခဲ့သည်။

“တနင်္သာရီတိုင်းဒေသကြီးကို လာရတဲ့ အကြောင်းအရင်းတစ်ခုက လည်း တိုင်းဒေသကြီး အစိုးရကို ဆုံးမ ဖို့ပါ”

ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်း ကော့သောင်း တွေ့ဆုံပွဲတွင်မူ ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသ ကြီး အစိုးရအဖွဲ့ အဂတိလိုက်စားမှု ရှိ၊ မရှိ စစ်ဆေးနေကြာင်း၊ အမှန်အတိုင်း ဖြစ်ရမည်ဖြစ်ကြောင်း ဖြေဆိုသည်။

“အဂတိလိုက်စားမှုကော်မရှင်ကို ရောက်သွားတဲ့အဖွဲ့တွေကို ကျွန်မတို့ကဘာမှ ၀င်ပြီးတော့ မစွက်ဖက်ပါဘူး”ဟု ဒေါ်စုက ဖြေဆိုသည်။

ထိုအဖြေများကို တိုင်းသားအချို့က အားမလိုအားမရ ဖြစ်ကြသည်။

ထားဝယ်တွင် ဆိုင်းဘုတ်ထောင် ဆန္ဒထုတ်ဖော်သူများက “ဆုံးမရုံနဲ့ မရဘူး၊ ဖြုတ်ချ အရေးယူဆောင်ရွက် ပေးပါ”၊ “တစ်တိုင်းလုံး အပြောင်ခိုးတာတောင် ပြုတ်ရုံလေးဆို နောက်တက်မယ့် အစိုးရ စောရတွေ ဖြစ်ကုန်လိမ့်မယ်အမေ”စသဖြင့် ရေးသားတောင်းဆိုလာကြသည်။

ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲပိုင်း ထားဝယ်မြို့ မြို့တော်ခန်းတွင် ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် ဒေသခံတစ်ဦး က တိုင်းအစိုးရနှင့် GGS ချုပ်ထားသည့် လျှပ်စစ်ထုတ်လုပ်ရေးစာချုပ်တွင် ကွက် လပ်များပါနေသည့်ကိစ္စ၊ ယင်းစာချုပ် အားနည်းချက်ကြောင့်GGS က ပြည်ထောင်စုသို့ ဂက်စ်ဖိုး ၈ ဘီလီယံ ကျော် မသွင်းသည့် ကိစ္စတို့အတွက် စာချုပ်ချုပ်ရာတွင် တာဝန်ရှိသူများကို အရေးယူပေးရန် တင်ပြရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စ စစ်ဆေးနေကြောင်း ဖြေခဲ့သည်။

“စုံစမ်းစစ်ဆေးတဲ့ အဖြေပေါ်လာ လို့ရှိရင် ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြမှာ ဖြစ်ပါတယ်၊ ကျွန်မတို့ အနေနဲ့တော့ ဒီဌာနတွေရဲ့ တွေ့ရှိချက် တွေကို ဘာမှဖုံးကွယ်ထားစရာမရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုစုံစမ်းစစ်ဆေးမှု မည်သည့်အချိန် တွင်ပြီးဆုံးမည်ကိုမူ ပြောမသွားပေ။

တိုင်းတွင်းသား အတော်များများကမူ ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်းသို့ လာခြင်းမှာ ဖြုတ်သင့်သူများကို ဖြုတ်ရန်လာခြင်းဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ အပြောင်းအလဲ မကြာမီ ဖြစ်ပေါ်လာတော့ မည့်ဟု မျှော်လင့်ကြောင်း ပြောကြသည်။

“အနှေးနဲ့အမြန် ဖြစ်လာလိမ့်မယ် လို့ မျှော်လင့်တယ်။ တိုင်းအစိုးရအဖွဲ့ ကတော့ ပြောင်းလဲမှုရှိမှကိုရမယ်။ မပြောင်းလဲဘူးဆိုရင် အရင်ပုံစံအတိုင်း ဆက်သွားနေမှာပဲ။ ပါးစပ်ကနေပြီးပဲ ဆုံးမခဲ့တာဆိုရင်တော့ ထိရောက်မှုရှိမှာ မဟုတ်ဘူး။ လက်တွေ့ကျကျ အရေးယူမှု တွေရှိမှသာ ပြောင်းလဲမှုတွေရှိလာမှာ”ဟု ဒေါ်အောင်ဆန်စုကြည်ကို ကြိုဆိုခဲ့သူ တစ်ဦးဖြစ်သည့် ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက်မှ ကိုနိုင်က ပြောသည်။

တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရောက်ပြီးသည်နှင့်ပင် ကျိန်းသေပေါက် တစ်ခုခု ထူးမည်ဟု ပြောဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ အထူးလေယာဉ်ဖြင့် ထားဝယ်မှ နေပြည်တော်သို့ ပြန်ပြီးသည်နှင့် ည ၉ နာရီခွဲ တွင် (နိုင်ငံတော်၏ အတိုင်ပင်ခံရုံး လူမှုကွန်ရက်စာမျက်နှာ)မှ တနင်္သာရီတိုင်းခရီးစဉ် သတင်းတစ်ပုဒ် ရေးသား သည်။

ထိုသတင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည် ထားဝယ်လေဆိပ် ခန်းမ၌ တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအားတွေ့ဆုံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀င်များအနေဖြင့် ပြည်သူများနှင့် ထိတွေ့ မှုနည်းပါးနေသည်ကိုတွေ့ရှိရကြောင်း၊ ပြည်သူများနှင့် ဆွေးနွေးပွဲများ မကြာခဏပြုလုပ်ရန်၊ ယင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်မှု အခြေအနေကို အစီရင်ခံစာ တင်ပြရန် အလေးအနက်ထား မှာကြား လိုကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

“အစိုးရဆိုတာ ပြည်သူလူထုနဲ့ ကင်းကွာနေလို့ မဖြစ်ပါဘူး။ ဒီမိုကရေစီ အစိုးရဆိုတာ ပြည်သူလူထုတင် မြှောက်ထားလို့ အစိုးရ ဖြစ်နေတာပါ။ အဲဒီဟာကိုဘယ်တော့မှမမေ့သင့်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ကော့သောင်း တွင် ပြောခဲ့သည်။

တိုင်းအစိုးရအဖွဲ့ဝင်များ လုပ်ဆောင်နေမှုများကို ပြည်သူလူထု မသိ ခြင်း၊ ပြည်သူလူထု၏ မေးခွန်းများကို တိုင်းအစိုးရ မဖြေနိုင်ခြင်းတို့မှာ ပြည်သူနှင့် အစိုးရကင်းကွာ၍ ဖြစ်ကြောင်း ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်နယ်/တိုင်းအသီးသီးသို့ ခရီးစဉ်များ သွားရောက်ခဲ့ရာတွင်လည်း ပြည်သူလူထု ကျေနပ်မှု အနည်းဆုံးမှာလည်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ပင် ဖြစ်သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး လူမှုကွန်ရက်စာ မျက်နှာက ထုတ်ပြန်ခဲ့သည်။

ဤသည်ကို လေးလေးနက်နက် သတိပေးလိုကြောင်း၊ အမှန်တကယ် အလုပ်မလုပ်ပါက ပြင်းပြင်း ထန်ထန် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအနေဖြင့် တိုး တက်မှုများနှေးကွေးနေသည်မှာ မဖြစ်သင့်ကြောင်း ထုတ်ပြန်ထားသည်။

ယခု တနင်္သာရီတိုင်းခရီးစဉ်သည် NLD ပါတီ အာဏာရပြီးနောက် ပထမဆုံး လာရောက်သည့် ခရီးစဉ် ဖြစ်သည်။

ခရီးစဉ်အတွင်း ခရိုင်မြို့ ၃ မြို့ အပြင် မြိတ်ခရိုင်အတွင်းရှိ ပုလဲကျွန်းနှင့် ကော့သောင်းခရိုင်ရှိ ဘိုချိုကျွန်း၊ မကြုံ ကလက် ဆလုံရွာတို့ကို သွားရောက်ခဲ့သည်။

ခရီးစဉ်အတွင်း ဒေသခံများက ကျန်းရေး၊ ပညာရေး၊ လမ်း၊ ကျောင်း၊ တံတား စသည့်ဒေသဖွံ့ဖြိုးရေး၊ တနင်္သာရီမြို့ နှစ်စဉ်ရေကြီး သည့်ကိစ္စ၊ ဆီအုန်းကုမ္ပဏီနှင့် အခြားမြေယာ ပြဿနာများ၊ ငါးလုပ်ငန်း ကိစ္စများ၊ လူငယ်ရေးရာကိစ္စများ ဆွေးနွေးတင်ပြကြ မေးခွန်းထုတ်ကြသည်။

တချို့က မိမိတို့ မိသားစုအခက်အခဲ၊ ရပ်ရွာအခက်အခဲ၊ ဒေသအခက်အခဲများ တင်ပြကြသည်။

အဓိက မေးခွန်းထုတ်ကြသည်မှာ လျှပ်စစ်ကိစ္စနှင့် တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်၊ ၀န်ကြီးအချို့နှင့် ပါတီတိုင်း ဥက္ကဋ္ဌ ညံ့ဖျင်းမှု၊ အဂတိလိုက်စားမှု ရှိသည်ဟုဆိုကာ  အရေးယူပေးရန်တို့ကို ဆွေးနွေးခဲ့သည်။

ဝန်ကြီးချုပ်၊ ၀န်ကြီးအချို့နှင့် ပါတီတိုင်းဥက္ကဋ္ဌတို့ကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည့် မြိတ် ၈၈ မှ ဦးလှမော် ကမူ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းသူတိုင်းသားတို့၏ ဆန္ဒကို ဖြည့်ဆည်းလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ယုံတယ်။ ဒေါ်စုသည် သူ့စကားကို သူတည်တယ်။ ပြည်သူနဲ့အတူရှိနိုင်မယ် ဆိုတာကတော့ ကျွန်တော်ယုံကြည် တယ်”ဟု ဦးလှမော်က ပြောသည်။

ကိုနိုင်၊ ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်

ကျွန်တော်ကတော့ အခုဒေါ်အောင်ဆန်းစုကြည် ထားဝယ်ရောက်လာတာဟာ တိုင်ကြားထားတဲ့ ၀န်ကြီးချုပ်ရော ပြုတ်သင့်တဲ့ ၀န်ကြီးတွေ ဖြုတ်တော့မယ်လို့ ထင်တယ်ဗျ။ တိုင်းအစိုးရကို ဆုံးမဖို့လာတာလာလို့ပြောထား ပြီးသားဆိုတော့ ကောင်းသောလာခြင်းပဲလို့ ကျွန်တော်ထင်တယ်ဗျ။ ပြည်သူတွေအတွက်ကို မျက်နှာမှုပြီး တိုင်းသူ၊ တိုင်းသားတွေ မျှော်လင့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်တယ်။ အနှေးနဲ့အမြန် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်။

ဦးနိုင်ဝင်း (မြိတ်မြို့သစ်ရပ်)

တစ်စုံတရာထူးခြားလာမယ်လို့တော့ ထင်တယ်။ ဆုံးမမယ်ဆိုတဲ့စကားအရ ပြောင်းလဲလာမယ်လို့တော့ ထင်ပါတယ်။

ဦးထွန်းစိုး(မြိတ်မြို့)

ဆုံးမမယ်ဆိုတဲ့ စကားအရ ဖြုတ်ထုတ်မယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ ခွင့်လွှတ်လို့ရတဲ့ အတိုင်းအတာ အနေအထား ရှိနေတယ်။

ကိုရဲဇော်ထွန်း၊ အဏ္ဏ၀ါရပ်ကွက် ကော့သောင်းမြို့။

အမေးအဖြေတွေကတော့ အမေစုဖြေတာတွေ ပြတ်သားပေမယ့် တိုင်းအစိုးရအဖွဲ့ဝင်တွေကတော့ ဟိုလိုလို ဒီလိုလို တိတိကျကျရေရာအောင် မဖြေနိုင်တာတွေ တွေ့ရပါတယ်၊ တိုင်းအစိုးရအဖွဲ့မှာ အပြောင်းအလဲတွေ ဖြစ်လာဖို့လည်း မျှော်လင့်မိပါတယ်၊ 

ကိုငယ်လေး၊ အေးရိပ်ငြိမ်ရပ်၊ ကော့သောင်းမြို့

တိုင်းအစိုးရမှာ အပြောင်းအလဲ ရှိနိုင်တယ်။ တိုင်းအစိုးရလည်း နိုင်သလောက်တော့ လုပ်နေတယ်လို့ မြင်ပါ တယ်။

ကိုမင်းဇော်ဦး၊ ပိတောက်ရွှေဝါရပ် ၊ ကော့သောင်းမြို့

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တနသာင်္ရီတိုင်းအစိုးရကို ဆုံးမဖို့ဆိုပြီး ဆင်းလာရလောက်အောင် ဖြစ်ရတယ် ဆိုကတည်းက ပြဿနာတွေရဲ့ အတိမ်အနက်က သာမန်မဟုတ်လောက်ဘူးလို့ ယူဆရပါတယ်။  ဒါကြောင့် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ထူးခြားမှုက ရှိကိုရှိနိုင်ပါတယ်လို့ ခန့်မှန်းမိပါတယ်။

ကိုကျော်မင်း၊ အဏ္ဏ၀ါရပ်ကွက်

တိုင်းအစိုးရနဲ့ ပတ်သက်ပြီး တိုင်ကြားထားတာတွေအပေါ်မှာ ပြည်သူတွေစိတ်ကုန် စိတ်ပျက်နေတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည် အချိန်မီရောက်လာတယ်လို့ မြင်မိတယ်။ ဒေါ်စုပြောကြားမှုတွေကို ပြည်သူကိုယ် မျက်နှာမူ အောက်ခြေ အဆင့်ဆင့်ထိဆင်းပြီး ပြည်သူစကားကို နားထောင် စည်းရုံးဆွေးနွေး တိုင်တိုင်ပင်ပင် သွားရင် ထူးခြားလိမ့်မယ်။ ၁၀၀ ရာခိုင်နှုန်း ထူးခြားလိမ့်မယ်လို့ မမျှော်လင့်ရဲဘူး။

ဒေါက်တာဝင်းထိန် (ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ မန်းနေးဂျင်း ဒါရိုက်တာ)

တစ်ယူနစ် ၃၅ ကျပ်ဖြစ်နေတဲ့ နိုင်ငံတော်ဓာတ်အားခ ဘယ်တော့ တိုးကောက်မလဲ၊ ဘယ်လောက် တိုးကောက်မလဲ မေးခဲ့တယ်။ ဒေါ်စုက “ညှိနှိုင်းပြီး လုပ်ပါမယ်၊  တနင်္သာရီတိုင်းကို မဟာဓာတ်အားလိုင်း ဆွဲဖို့ ကြိုးစားနေပါတယ်”လို့ ဖြေသွားပါတယ်။ အချိန် အကန့်အသတ်အရ တို/ရှင်း ဖြေသွားပေမဲ့ ကျေနပ်ပါ တယ်။ သို့သော်… မြိတ်အထိ ဓာတ်အားလိုင်း ရောက်ရုံနဲ့ မီးမလင်းပါဘူး။ ဓာတ်အားထုတ်စက်နဲ့ လျှပ်စစ်မီးပါ ထုတ်ပေးမှ မီးလင်းမှာပါ။ အခုက ကျွန်တော်တို့ဆီ ပေးဖို့ နေနေသာသာ ပြည်မမှာတောင် မီးမလောက်လို့ အခက်တွေ့နေတာကို ပြန်စောဒက တက်ချင်တာ။

ဓာတ်အားခ တက်တဲ့အခါ လူထုမကြိုက်မှာစိုးပြီး ၃၀-၄၀ တည်း တိုးကောက်မှာပဲ စိုးရိမ်တယ်။ နေပြည်တော် ရောက် မီးမရဒေသ ကိုယ်စားလှယ်တွေ စုပြီး ဓာတ်အားခ ထိုက်သင့်သလောက် တိုးကောက်ဖို့ တိုက်တွန်းစေချင်တယ်။ ဈေးတက်မယ့်ကိစ်္စ အမြန်လုပ်မယ်လို့ ယုံကြည်တယ်။

ကိုသော်လွင်အောင်၊ ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ

လက်ရှိတနင်္သာရီတိုင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို အတိုင်ပင်ခံပုဂ်္ဂိုလ်လာရင်းနဲ့ တစ်ခါတည်း မြင်သွားစေချင်တယ်။ ဒီလိုမျိုးမြင်သွားပြီးရင် အရေးယူဆောင်ရွက်မှုမျိုးကို ထိရောက်စေချင်တယ်၊ တနင်္သာရီ တိုင်းတိုင်းသူတိုင်းသားတွေအနေနဲ့ တိုင်ကြားထားတဲ့ကိစ္စတွေ ရှိတယ်။ ဒါပေမယ့် အခုချိန်ထိ အရေးယူ ဆောင်ရွက်တာတွေ တစ်ခုမှ မတွေ့တဲ့အတွက်မို့လို့ ဒေါ်စုကို အားကိုးပြီးတော့ ကျွန်တော်တို့ အခုလို သူလာတဲ့ အချိန်မှာ ပြတာဖြစ်ပါတယ်။ အများကြီး ထူးထူးခြားခြားကြီးတော့ မျှော်လင့်ထားတာ မရှိဘူး။

ဦးခင်မောင်သိန်း၊ ထားဝယ်မြို့

မျှော်လင့်တာကတော့ အများပြည်သူမျှော်လင့်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ဒါပေမယ့် ခေါင်းဆောင် တစ်ယောက်အနေနဲ့ သိသင့်သိထိုက်တာအချို့ကို သိသွားတဲ့အတွက် သူ့အနေနဲ့ လုပ်စရာရှိတာ ပြုပြင်မှု တစ်ခုတော့ လုပ်မယ်လို့တော့ ထင်တယ်။ ၀န်ကြီးချုပ်တစ်ယောက်ကိုတော့ ဆုံးမတဲ့ အနေနဲ့ မပြီးသင့်ဘူးလို့ ပြောချင်တယ်။ ဒေသတစ်ခုလုံးအတွက် ကောင်းစေချင်တဲ့ စိတ်နဲ့ ဆန္ဒထုတ်ဖော်ခြင်းသာ ဖြစ်တယ်။

ဦးမောင်မောင်ဦး၊ ရေဖြူမြို့

တနင်္သာရီတိုင်းက တိုင်ကြားထားတာတွေ ရှိတယ်။ ပြီးခဲ့တဲ့နှစ်တွေကလည်း တိုင်ထားတယ်။ (တိုင်းအစိုးရနဲ့ ပတ်သက်ပြီး) တိုင်ထားတဲ့အပေါ်မှာ လစ်လျူရှုတာတွေ ခံရတယ်၊ အစိုးရနဲ့ ပတ်သက်သူတွေ။ အရေးယူတဲ့ အဆင့်မဟုတ်ဘဲနဲ့ စိစစ်တဲ့ အဆင့်ကို ဖြစ်မလာတာတွေ များတယ်။

လာရောက် စိစစ်အရေးယူတာတွေလည်း မရှိဘူးဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ ထပ်ဆင့်ပြီး သတိပေးတာ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အကြောင်းအရာတစ်ခုကို ပြည်သူတွေတိုင်ကြားတာတစ်ခုကို စိစစ်ပြီးတော့ တိကျသေချာတဲ့ အဖွဲ့အစည်းတစ်ခုက စိစစ်ပြီး အဖြေတစ်ခုတော့ ရှာပေးသင့်တယ်လို့ တင်ပြ တာပါ ဒေါ်စုကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စိစစ်ဆောင်ရွက်နေပါတယ်လို့ပဲ ဖြေသွားတယ်။

ကျွန်တော်ကတော့ ခေါင်းဆောင်ရဲ့ ဖြေကြားချက်ကို အားရတယ်။ ယုံလည်းယုံတယ်။ အပြောင်းအလဲတစ်ခုခု ကတော့ ထူးခြားမယ်လို့ ထင်မိတယ်။ ကောင်းတဲ့အပြောင်းအလဲတစ်ခုပေါ့။ ၁၀၀ ရာခိုင်နှုန်း မဟုတ်ပေမယ့် ကျွန်တော်တို့ ကျေနပ်အားရလောက်အောင် အပြောင်းအလဲတစ်ခုတော့ ဖြစ်လိမ့်မယ်လို့တော့ မျှော်လင့်ထားတယ် အုပ်ချုပ်သူလူတန်းစားရဲ့ လုပ်ရပ်မှန်ကန်မှုတွေ နဂိုရှိရင်းစွဲတွေထက် ပိုပြီးမှန်ကန်လာမယ်။

မဇင်မာမိုး၊ မြိတ်မြို့

အမေစုကို သိစေချင်တယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရော တိုင်ထားတောထားတာတွေ ရှိတယ်။ သေချာတဲ့ အရေးမယူ နိုင်သေးဘူး အရေးမယူနိုင်သေးတော့ အမေစုကိုယ်တိုင်မသိသေးတာလား သိလျက်နဲ့ မသိချင်ယောင် ဆောင်တာလား ပြောမတတ်ဘူးပေါ့နော် အမေစုကို တိုက်ရိုက်သိစေချင်တဲ့ သဘောပဲ တနင်္သာရီတိုင်းက Animal Farm ဖြစ်နေပြီ။

ရဲကျော်ဖြိုး ၊ မြိတ်မြို့

အမေစုပြောသွားတဲ့ပုံစံအရ ဆုံးမဖို့လာတာဆိုတာစကားသည် ထင်တာက အခွင့်အရေးတစ်ခု ပေးမယ်ထင်တယ် အရင်တုန်းက ဖြစ်ခဲ့တာတွေအတွက် တာဝန်ကျေအောင် ပြန်လုပ်ပေးပါဆိုတဲ့သဘော သက်ရောက်တယ်။ တနင်္သာရီတိုင်းသူတိုင်းသားတွေ လိုအပ်နေတာက သူတို့ကို ဆုံးမပေးဖို့ မဟုတ်ဘဲ ဖြုတ်ချစေဖို့ အဓိက လိုချင်နေကျတာပေါ့။ ဒါပေမယ့် အနိမ့်ဆုံးအဆင့် မပြုတ်တောင်မှ ပြည်သူတွေကို ပြန်တောင်းပန်ပါ။ ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် ပြန်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်မိတယ် အဲလို အခြေအနေတောင် မဖြစ်ဘူးဆိုရင် ရှင်းရှင်းပြောရရင် သူတို့ပြုတ်သွားတာ အကောင်းဆုံးပဲ။

Dawei Watch