မူးယစ်ရမ်းကားသူတစ်ဦး ကျောင်းပရဝဏ်အတွင်းဝင်၍ ကျောင်းဆရာအား ကျောက်ခဲဖြင့်ထု

0
616

ကျွန်းစုမြို့နယ်၊ ယမုံရွာ အ.မ.က ကျောင်း ပရဝဏ်အတွင်းသို့ မူးယစ်ရမ်းကားသူတစ်ဦးဝင်ရောက်ပြီး ကျောင်းဆရာတစ်ဦးအား ကျောက်ခဲဖြင့်ထုခဲ့သည့်အတွက် ယင်းကျောင်းဆရာ၏ ဦးခေါင်း၌ ၇ ချက်ခန့်ချုပ်ခဲ့ရကြောင်း ကာယကံရှင် နှင့် ယမုံကျေးရွာသားများထံမှ သိရသည်။
ဇန်န၀ါရီလ ၃၀ ရက် ည ၉ နာရီ ၀န်းကျင်အချိန်ခန့်က အမက ယမုံ KG တန်းတွင် ပညာသင်ကြားနေသည့် ကျောင်းဆရာ ဦးထွန်းမင်းပိုင်အား မြိတ်မြို့၊ တံတားဦးရပ်နေ ကိုအော်ဂင် ဆိုသူမှ မူးယစ်ရမ်းကားပြီး အသင့်ပါလာသည့် ကျောက်ခဲဖြင့် ထုနှက်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်နှင့် ရွာသားများက ပြောသည်။
ကျောင်းဆရာ၊ ဆရာမများနေထိုင်သည့် အဆောင်အတွင်း ကျောင်းဆရာဖြစ်သူ ဦးထွန်းမင်းပိုင် ဖုန်းပြောနေစဉ် အဆောင်ရှေ့တွင် ရပ်နားထားသည့် ၎င်းပိုင် ဆိုင်ကယ်အား ကိုအော်ဂင်ဆိုသူမှ ကျောက်ခဲဖြင့် ထုနေသည့်အတွက် မထုရန် သွားရောက်ပြောဆိုရာ ကိုအော်ဂင်က အသင့်ပါလာသည့် ကျောက်ခဲဖြင့် ထုခဲ့ ခြင်းဖြစ်ကြောင်း ကာယကံရှင်ကျောင်းဆရာဦးထွန်းမင်းပိုင်က ပြောသည်။
“ရန်ငြိုးရန်စလည်းမရှိ၊ သိလည်း မသိဘူး။ မူးပြီးတော့ လာလုပ်သွားတာပါ”ဟု ကိုထွန်းမင်းပိုင်က ဆိုသည်။

ကျောက်ခဲဖြင့်ထုခြင်းကြောင့် ဆိုင်ကယ်ရှေ့မီးသီးကွဲကြေခဲ့ပြီး ဝင်ရောက်ဟန့်တားသည့် ကျောင်းဆရာ ဦးထွန်းမင်းပိုင်တွင်လည်း မျက်ခုံးနှင့်မျက်လုံးအိမ်တွင် ကွဲရှသည့် ဒဏ်ရာရရှိခဲ့ကြောင်း ကာယကံ ရှင်နှင့် ယမုံကျေးရွာသားများက ပြောဆိုသည်။
ယင်းဖြစ်စဉ်ဖြစ်ပြီး နောက်တစ်နေ့ တွင် သဇင်ရဲစခန်းမှ တရားခံ ကိုအော်ဂင်အား ဖမ်းဆီးခဲ့ပြီး သဇင်ရဲစခန်း၌ တရားခံအား တစ်ညချုပ်ကာ နောက်တစ်နေ့ မွန်းလွဲတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကာယကံရှင် ကျောင်းဆရာနှင့် သဇင်ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံက ပြောပြသည်။
“မျက်မြင်သက်တွေလည်း ရှိတယ် ၊ ဒီကိစ်္စကို ဥပဒေအတိုင်း ဖြစ်စေချင်တယ်”ဟု သဇင်ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ကိုညီညီလင်းက ပြောသည်။
အဆိုပါအရိုက်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ကျွန်းစုမြို့နယ် ပညာရေးမှူးအား အသိပေးအကြောင်းကြားထားပြီးဖြစ်ကာ ဥပဒေအတိုင်း အရေးယူပေးခြင်းမရှိလျှင် တရားရုံးတော်သို့ ဦးတိုက်လျှောက်သွားမည်ဖြစ်ကြောင်း ကာယကံရှင် ကျောင်းဆရာက ပြောသည်။
“အစိုးရပညာရေးဝန်ထမ်းတွေ လုံခြုံပြီး နောက်ဒီလိုမျိုး မဖြစ်အောင် တရားဥပဒေက ထိထိရောက် အရေးယူစေချင်တယ်”ဟု ကာယကံရှင် ကျောင်းဆရာက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သဇင်နယ်မြေရဲစခန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍မရခဲ့ပေ။

 

ကိုဆန်