မြိတ်တွင် လျှပ်စစ်မီတာခ ၄၅ ကျပ် ကျဆင်း

0
501

မြိတ်မြို့တွင် ဇန်န၀ါရီလအတွက် လျှပ်စစ်မီတာခ နှုန်းထား တစ်ယူနစ်လျှင် ၄၅ ကျပ်ကျဆင်းမည်ဖြစ်ကြောင်း မြိတ်အခြေစိုက် ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် ဇန်န၀ါရီလ ၃၀ ရက်က ပြုလုပ်သည့် မီးလင်းရေးလုပ်ငန်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူတို့ပါဝင်သည့် မီးလင်းရေးလုပ်ငန်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်း တစ်ချို့ထံမှ သိရသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တစ်ယူနစ်လျှင် ၄၉၅ ကျပ်၊ ဒီဇင်ဘာလ တွင် ၄၈၅ ကျပ် ကျသင့်ခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလတွက် တစ်ယူနစ်လျှင် ၄၄၀ ကျပ်သာ ကျသင့်မည်ဖြစ်သည်။
ဒီဇယ်ဈေးနှုန်းကျလာခြင်းကြောင့် မီတာခနှုန်းထားလျော့နည်းလာခြင်းဖြစ်ကြောင်း ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်းရှင် အချို့က ဆိုသည်။
ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်းများ ပုံမှန်ကောက်ခံနေသည့် နှုန်းထားထက် နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးဖြင့် လာမည့် ဖေဖော်ဝါရီလတွင် လျှပ်စစ်ဓာတ်အားများကို စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြိတ်အများပိုင် ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

 

မြင့်မိုရ်(မြိတ်)