မြိတ်-တနင်္သာရီအဝေးပြေးလမ်းတွင် နွားကြောင့် ယာဉ်တိုက်မှု မကြာခဏဖြစ်ပွား

0
569

မြိတ်-တနင်္သာရီအဝေးပြေးလမ်း တစ်လျှောက်တွင် လမ်းမပေါ်ရောက်နေသည့် နွားများကြောင့် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း ယာဉ်မောင်းအချို့နှင့် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးအချို့ထံမှ သိရသည်။

လမ်းပေါ်ရောက်နေသည့် နွားများကို မြိတ်-တနင်္သာရီကားလမ်းတစ်လျှောက်ရှိ အင်္ဂမော်၊ ပသောင်း၊ မဇောနှင့် တုံးဗျော ကျေးရွာအုပ်စုတို့တွင် အများဆုံးတွေ့ရပြီး မဇောကျေးရွာအုပ်စုတွင် နွားကြောင့်ယာဉ် တိုက်မှုအများဆုံး ဖြစ်ပွားလေ့ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

မဇောကျေးရွာတွင် လမ်းပေါ်ရောက် နေသည့်နွားများကြောင့် တစ်ပတ်လျှင် ပျမ်းမျှ သုံးကြိမ်ခန့် ယာဉ်မတော်တဆမှု ဖြစ်ပွားလေ့ရှိကြောင်း တစ်ခါတစ်ရံတွင် တစ်နေ့တည်းတွင်ပင် ယာဉ်မတော်တဆမှု သုံးကြိမ်အထိဖြစ်ပွားလေ့ရှိကြောင်း မဇော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးလွင် က ပြောသည်။

“နွားပိုင်ရှင်တွေက လွှတ်လိုက်ပြီးကတည်းက သုံးလေးလလောက်ကြာမှ ပြန်ဖမ်း ကြတာများတယ်”ဟု ဦးမျိုးလွင်က ဆိုသည်။

ပုံမှန်အားဖြင့် နွားပိုင်ရှင်များသည် နွားများကို နွေရာသီတွင် လယ်ကွင်းများ၊ လမ်းနံဘေးနေရာများတွင် လွှတ်ထားကြ ပြီး မိုးရာသီရောက်ချိန်မှ လိုက်လံ ခေါ်ယူကြကြောင်း ဦးမျိုးလွင်က ဆိုသည်။

ယခုနှစ် နွေရာသီတွင် နွားကြောင့် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုများမှ လူနာ ၂၀ ဦးခန့်ကို ဆေးရုံသို့ တင်ပို့ခဲ့ရ ကြောင်း မဇောကျေးရွာရှိ အရေးပေါ်လူနာတင်ယာဉ်မောင်းသူ ဦးကြည်ရှင်က  ပြောသည်။

“ညဘက်ဆိုလည်း လမ်းပေါ် အုပ်စု လိုက်အိပ်ကြတယ်။ ဟွန်းတီးလည်း မဖယ်ဘူး””ဟု မြိတ်-တနင်္သာရီ ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းက ပြောသည်။

ပသောင်းနှင့် တုံးဗျောကျေးရွာအုပ်စု တို့တွင် နွားများကို ညဘက်မလွှတ်ထားရန် အမိန့်ထုတ်ထားပြီး လွှတ်ထားသည်ကို တွေ့ရှိပါက ခံဝန်လက်မှတ်ရေးထိုးစေကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများထံမှ သိရသည်။

ယခင်က နွားစားကျက်များပေါများ ခဲ့သော်လည်း လက်ရှိအချိန်တွင် ဆီအုန်း၊ ရော်ဘာ၊ ကွမ်းသီးပင် စသည့် နှစ်ရှည် ပင်များ စိုက်ပျိုးမှုများပြားလာသည့် အတွက် စားကျက်ရှားပါးလာပြီး လွှတ်ထား သည့် လယ်ကွင်းများမှတစ်ဆင့် မြက်နု ပေါက်သည့် ကားလမ်းနံဘေးသို့ နွားများ ရောက်ရှိလာခြင်းဖြစ်ကြောင်း တုံးဗျော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူက ဆိုသည်။

လမ်းမပေါ်ရောက်နေသည့် နွားများ နှင့်ပတ်သက်၍ ရပ်ကျေးအုပ်ချုပ်ရေးမှူး များ၏ ပုံမှန်အစည်းအဝေးနှင့် လွှတ်တော် ကိုယ်စားလှယ်များထံတင်ပြထားကြောင်း ၎င်းက ဆိုသည်။

“နွားတွေကို ကိုယ့်ခြံမှာကိုယ် ထိန်း သိမ်းစေချင်တယ်။ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့လည်း ကြပ်မတ်စေချင်တယ်”ဟု ဦးကြည်ရှင်က ပြောသည်။

ယမန်နှစ်က လမ်းပေါ်ရောက်နေသည့် နွားကိုရှောင်ရာမှ ဆိုင်ကယ်တိမ်း မှောက် ကာ လူသေဆုံးခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့ ဖူးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

 

ကိုဆန်း