ကလိန်အောင်မြို့ ရေပေးဝေရေး ဇင်းဘာရွာမှ ရေသွယ်မည်

0
496

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ပေါ် ရပ်ကွက်များကို ရေပေးဝေရေးအတွက် ဇင်းဘာကျေးရွာရှိ ရေထွက်ပင်ရင်းမှ ရေသွယ်ပြီး ဖြန့်ဝေပေးရန် စီစဉ်နေကြောင်း ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောသည်။
ယင်းကဲ့သို့ ရေပေးဝေနိုင်ရေးအတွက် လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် တွင် ဘဏ္ဍာငွေရရှိရေးအတွက် ရေဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ဦးအောင်နိုင်က ပြောသည်။
လက်ရှိတွင် ကလိန်အောင်မြို့ပေါ် ၄ ရပ်ကွက်ရှိ လူဦးရေ၏ လေးပုံသုံးပုံခန့်မှာ သုံးရေအဖြစ် ကလိန်အောင်ချောင်း (ထားဝယ်မြစ်)တွင် စုပ်ယူ ဖြန့်ဝေသည့် ရေကို တစ်ယူနစ်လျှင် လေးရာကျပ်နှုန်းဖြင့် ဝယ်သုံးနေရပြီး သောက်ရေအတွက် ရေသန့် ထပ်မံဝယ်သုံးနေရကြောင်း ကလိန်အောင် မြို့အုပ်ချုပ်ရေးမှူးနှင့် ဒေသခံအချို့ထံမှ သိရသည်။
“အဲဒီ(ဇင်းဘာရွာ)ရေထွက်ပင်ရင်းကနေ ရေသွယ်ပြီးရင်တော့ တစ်ယူနစ်ကို နှစ်ရာလောက်နိုင်ပေးနိုင်လိမ့်မယ်ထင် တယ်” ဟု ဦးအောင်နိုင်ဆိုသည်။
ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးရုံး၏ စာရင်းအရ အမှတ် ၄ ရပ် ကွက်မှ လွဲပြီး အမှတ် ၁၊ ၂၊ ၃ ရပ်ကွက် များရှိ လူဦးရေ တစ်ထောင်ကျော် (၁၃၉၂ဦး)သည် သုံးရေအတွက် ကလိန်အောင်ချောင်း (ထားဝယ်မြစ်)ရေကို မှီခိုနေရကြောင်း သိရသည်။
“ရေတွင်းတူးတာ ပေသုံးဆယ် လောက်တူးရမှာဆိုတော့ ပိုက်ဆံမတတ် နိုင်လို့ မတူးတော့ဘူး။ တစ်ချို့နေရာမှာဆို ကျောက်ဖျာခံနေလို့ တူးမရတဲ့နေရာတွေ လည်းရှိတယ်”ဟု အမှတ် ၂ ရပ်ကွက်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
ကလိန်အောင်မြို့တွင် သီတင်းကျွတ်လမှ တပေါင်းလအထိ ရေရှားလေ့ရှိပြီး ယင်းလများတွင် တစ်ခါတစ်ရံ ရေစုပ်စက် ပျက်ပါက သုံးရေအတွက် အခက်တွေ့လေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။
ရေဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခေတ္တမြို့ နယ်ဦးစီးမှူး ဦးမြင့်ဦးအောင်ကမူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကလိန်အောင် မြို့ရှိ ဇင်းဘာကျေးရွာ ရေရှိရေးအတွက်သာ ဘဏ္ဍာငွေတင်ပြတောင်းခံ ထားသည်ဟု ဆိုသည်။
ဇင်းဘာရွာရေရရှိပြီးပါက နောက်တစ်ဆင့်အနေဖြင့် ကလိန်အောင်မြို့ကို ရေသွယ်နိုင်ရန် ထပ်မံဆောင်ရွက်မည် ဖြစ်ကြောင်း ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောသည်။
ဇန်န၀ါရီလ ၂၂ ရက်က ရေစုပ်စက် ပျက်နေသောကြောင့် ရေမလာသဖြင့် ချွေတာသုံးစွဲနေရကြောင်း ဒေသခံများက ဆိုသည်။
ဇင်ဘာကျေးရွာမှ ရေသွယ်နိုင်ပါက ကလိန်အောင်မြို့၏ ရေအခက်အခဲများကို ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မြို့အုပ်ချုပ်ရေးမှူးက ဆိုသည်။

 

ကျော်သူစိုး