ထားဝယ်ခရိုင်တွင် လျှပ်စစ်မီတာများ ဖေဖော်ဝါရီ ရနိုင်မည်

0
466

လျှပ်စစ်မီတာပြတ်လပ်နေသည့် ထားဝယ်ခရိုင်အတွက် ဖေဖော်ဝါရီလ ဝန်းကျင်တွင် မီတာများရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကဖြေဆိုထားကြောင်း ရေဖြူမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးသက်နိုင်ဦးက ပြော သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ဦးသက်နိုင်ဦးမေးထားသည့် ကြယ်ပွင့်မပြမေးခွန်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက် တွင် စာဖြင့် အထက်ပါအတိုင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။
လက်ရှိ မီတာလက်ကျန် လျော့နည်းနေမှုကိုဖြည့်ဆည်းနိုင်ရန် မီတာ တင်ဒါ အောင်သည့် ကုမ်္ပဏီများနှင့် စာချုပ် ချုပ်ဆို လျှက်ရှိပြီး ခန့်မှန်းလာမည့် ဖော်ဖော်ဝါရီလတွင် လိုအပ်သည့်မီတာများ ထပ်မံခွဲဝေပေးမည်ဖြစ်ကြောင်း ယင်းစာတွင်ဖော်ပြထားသည်။

“မီတာလိုအပ်ချက်ကလည်း ထားဝယ်ခရိုင်တစ်ခုလုံးဖြစ်နေတာဆိုတော့ ခရိုင်တစ်ခုလုံး ရဖို့ဖြစ်ဖို့များတယ်လို့ ယူဆလို့ ရမယ်”ဟု ဦးသက်နိုင်ဦးက ဆိုသည်။
လွှတ်တော်တွင် မေးမြန်းစဉ်ကမူ ရေဖြူမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်းထားသည့် ကျေးရွာများ အတွက်သာ မေးမြန်းခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဖြေကြားချက်တွင် တိုင်းလျှပ်စစ် ဌာနမှ တစ်ဆင့် ရေဖြူမြို့နယ် ကို မီတာများ ခွဲဝေပေးမည်ဟု ဖြေဆိုထားသည်။
ထားဝယ်ခရိုင်ရှိ ဓာတ်အားလိုင်း သွယ်တန်းထားသော ကျေးရွာအချို့တွင် မီတာခွဲတမ်း မလုံလောက်မှုကြောင့် တစ်ရွာ တည်းပင် မီတာရသူများက ထားဝယ် ခရိုင်၏ဈေးအနည်းဆုံး တစ်ယူနစ် ကျပ်၂၀၀ နှုန်းဖြင့် အသုံးပြုခွင့်ရပြီး မရသူများက တစ်ယူနစ်လျှင် ကျပ်တစ်ထောင်နီးပါးရှိ သည့် ပုဂ္ဂလိက လျှပ်စစ်မီးကို အသုံးပြုနေ ရသည်။
အိမ်ခြေ ရှစ်ရာခန့်ရှိသည့် မောင်မယ်ရှောင်ရွာတွင် မီတာမရသည့် အိမ်ခြေ တစ်ရာခန့်မှာ လျှပ်စစ်မီးမရှိဘဲ ဖြစ်နေကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“ကျွန်တော်တို့ရွာအတွက်တော့ မီတာမြန်မြန်ရလေကောင်းလေပဲ” ဟု မောင်မယ်ရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းကိုဦးက ပြောသည်။
ထားဝယ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး၏ ၂၀၁၈ ဧပြီလမှ ဒီဇင်ဘာလအထိ စာရင်းအရ ခရိုင်အတွင်း မီတာမတပ်ဆင် ပေးနိုင်သေးသည့် လျှောက်ထားသူ သုံးထောင်ခန့် ရှိနေသည်။

 

ကျော်သူစိုး