တနင်္သာရီတိုင်းရှိ ရှေးဟောင်းအဆောက်အအုံ ပဏာမစာရင်းကောက်ယူမှု ပြီးစီး

0
412

တနင်္သာရီတိုင်းအတွင်း နှစ် ၁၀၀ နှင့်အထက် ရှေးဟောင်းအဆောက်အုံ ပဏာမ စာရင်းကောက်ယူပြီးစီးနေပြီဖြစ် ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။

ကောက်ယူထားသည့် ပဏာမစာရင်းကို တိုင်းအစိုးရအဖွဲ့ထံ ဇန်န၀ါရီလ ၁၈ ရက်တွင် တင်ပြမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းသို့ကောက်ယူရာတွင် ရှေးဟောင်း နေရာဒေသနှင့် ရှေးဟောင်း အဆောက် အအုံဟု နှစ်မျိုးခွဲကောက်ယူခဲ့ကြောင်း အထက်ပါဌာန ဦးစီးအရာရှိ ဒေါ်ကြူကြူသန်း ကပြောသည်။

ရှေးဟောင်းနေရာဒေသနှင့် အဆောက် အအုံများကိုလည်း တည်နေရာ၊ အမျိုး အစား၊ ခန့်မှန်းခေတ်ကာလ စသည်တို့ကိုလည်း ကောက်ယူခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

ရှေးဟောင်းနေရာဒေသတွင် သာဂရ မြို့ဟောင်း၊ တနင်္သာရီမြို့ဟောင်း၊ ရှင်မုတ်္ထီးမြို့ဟောင်း ဝေဒီမြို့ဟောင်းစသဖြင့် ၂၄ နေရာပါဝင်ပြီး ရှေးဟောင်းအဆောက် အအုံတွင် တိုင်းအစိုးရဖွဲ့ရုံး၊ ထားဝယ်ပညာရေး ကောလိပ်၊ တိုင်းစည်ပင်သာယာရေးရုံး စသဖြင့် ၁၂ ခု ရှိကြောင်း ၎င်းင်းက ပြော သည်။

ရှေးဟောင်းနေရာဒေသနှင့် အဆောက် အအုံများအနက် ထားဝယ်ခရိုင်ရှိ ရှင်ကိုးရှင်ဘုရားများမှာ အေဒီ ၈ ရာစုနှင့် အေဒီ ၁၈  ရာစု စတင်တည်ထားခဲ့သည်ဟု ခန့်မှန်းထားပြီး တိုင်းအစိုးရဖွဲရုံး၊ ထားဝယ် ပညာရေးကောလိပ်၊ တိုင်းစည်ပင်သာယာရေးရုံးတို့မှာ ကိုလိုနီခေတ် အဆောက်အအုံ များဖြစ်ကြောင်း ယင်းဌာနထံမှ သိရ သည်။

“ဒီအဆောက်အအုံတွေ၊ မြို့ဟောင်း တွေရဲ့ အလျားအနံ အတိအကျ အသေးစိတ် စာရင်းကိုတော့ ဒီဘဏ္ဍာနှစ်ထဲမှာ စနစ် တကျ ကောက်ခံပြီးတော့ ရုံးချုပ်ကို တင်ပြသွားမယ်” ဟု ဒေါ်ကြူကြူသန်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လက ကျင်းပခဲ့သည့် တိုင်းလွှတ်တော် ပုံမှန် အစည်းအဝေးတွင် ရေဖြူမဲဆန္ဒနယ် တိုင်းလွတ်တော်ကိုယ်စားလှယ် ဦးကြည်စိုး က ရှေးဟောင်းအဆောင်အအုံးများ ဥပဒေ နှင့်အညီ မည်ကဲ့သို့ ထိမ်းသိမ်းနေကြောင်း မေးခွန်းမေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့် ပတ်သက်၍ တိုင်း လူမူရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ပွင့်လင်းရာသီတွင် စာရင်းကောက်ခံမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

 

ကျော်သူစိုး