အမျိုးသားအင်္ဂါအား ဓာတ်ဆီလောင်း၍ မီးရှို့သတ်သူကို ငါးနှစ်ခန့် အကြာတွင် ဖမ်းမိ

0
404

ကော့သောင်းမြို့နယ်တွင် အမျိုးသားအင်္ဂါအား ဓာတ်ဆီလောင်း၍ မီးရှို့သတ်ဖြတ်သူတစ်ဦးကို ငါးနှစ်ခန့်အကြာတွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မီးရှို့သတ်သည့် အသက် ၄၇ နှစ် အရွယ် အမျိုးသားတစ်ဦးကို ထိုင်းနိုင်ငံမှ ပြန်လာချိန်တွင် ကော့သောင်းမြို့ရှိ ပဲ့ချိတ်ဆိပ်တွင် ဇန်န၀ါရီလ ၁၂ ရက်က ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။
ကော့သောင်းမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက အမျိုးသားအင်္ဂါအား ဓာတ်ဆီလောင်း၍ မီးရှို့သတ်ဖြတ်ခဲ့သည့်အမှု ဖြစ်သည်။
၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက အသက် ၃၀ နှစ်အရွယ်ရှိ သေဆုံးသူအမျိုးသား ကို အရက်ငါးလုံးကို အကြွေးသွားဝယ်ခိုင်း ရာ နှစ်လုံးသာ လာပေးသဖြင့် ဒေါသ ဖြစ်ကာ သတ်ဖြတ်ခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။
သေဆုံးသူအမျိုးသားအိပ်ပျော်နေချိန် တွင် အမျိုးသားအင်္ဂါအား ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ပြီး ထထိုင်ခိုင်းကာ ရင်ဘတ်ကို ခြေထောက်ဖြင့် နှစ်ချက်ကန်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဓာတ်ဆီလောင်းမီးရှို့ပြီး ခြေထောက်ဖြင့် အကန်ခံရသည့် အမျိုးသားက နောက်တစ်ရက်တွင် သေဆုံးသွားသဖြင့် အလောင်းအား လှေပေါ်တင်ကာ ထိုင်း- မြန်မာနယ်ခြားဖြစ်သည့် ပါချန်မြစ် အလယ်ရှိ မိုးရိပ်မွန်ကျွန်းခေါ် ရေလယ်ကျွန်းကမ်းစပ်တွင် ပစ်ချခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ယင်းနောက် လူသတ်ခဲ့သည့် အသက် ၄၇ နှစ်အရွယ် အမျိုးသားက ထိုင်းနိုင်ငံ တွင် တိမ်းရှောင်နေခဲ့ပြီး ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပြန်လာစဉ် ပဲ့ချိတ်ဆိပ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း အရ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ပါ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် ကော့သောင့်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။