ဈေးတွင် စက်ဘီး ၊ ဆိုင်ကယ် အပ်နှံက တိုကင် တောင်းပါ

0
405

ထားဝယ်မြို့ အတွင်းရှိ ဈေးအချို့ တွင်ရှိသည့် အခကြေးငွေဖြင့် စက်ဘီး၊ ဆိုင်ကယ် လက်ခံသည့်နေရာများတွင် စက်ဘီး၊ ဆိုင်ကယ် အပ်နှံပါက တိုကင် တောင်းရန် လိုအပ်ကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ အမှု ဆောင်အရာရှိက တိုက်တွန်းလိုက်သည်။
ဈေးဝယ်သူများ၏ စက်ဘီး၊ ဆိုင်ကယ်များ ပျောက်ရှ ပျက်စီးမှု မရှိစေရန်အတွက် သတ်မှတ် ထားသည့် နေရာများတွင် အခကြေးဖြင့် အပ်နှံ ပါက ငွေပေးရုံနှင့်မပြီးဘဲ တိုကင် တောင်းဆိုရန် လိုအပ်ကြောင်း မြို့နယ် စည်ပင်မှ အမှုဆောင် အရာရှိက ဆို သည်။

“တိုကင် မပေးဘူးဆိုရင် လာတိုင် နိုင်ပါတယ်”ဟု မြို့နယ်စည်ပင်အဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။
တိုကင်မရှိပါက ပျောက်ဆုံးမှု ဖြစ်ချိန်တွင် တာဝန်ယူရန် ငြင်းဆိုမှုများ ရှိလာနိုင်ကြောင်း ၎င်းက ဆိုသည်။
“ကမ်းနားဈေးမှာဆိုရင် ဆိုင်ကယ် သွားထားရင် ပြန်ထွက်လာမှ ပိုက်ဆံ လာတောင်းတယ်၊ တိုကင်တစ်ခါမှ မပေးဘူး”ဟု ထားဝယ်မြို့ ဝဲကျွန်းထိန် သစ်ရပ်ကွက်နေ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ် အတွက် စက်ဘီး၊ ဆိုင်ကယ် လက်ခံရေး လိုင်စင်ကို ထားဝယ်မြို့ စည်ပင်သာယာ ဈေးကြီးတွင် ငွေကျပ် ၅၅ သိန်းနှင့် ကမ်းနားဈေး တွင် ၂၅ သိန်း ငါးသောင်း ဖြင့် လုပ်ကိုင်ခွင့် ရရှိထားကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။