တနင်္သာရီတိုင်းသူ /သား သရုပ်ဆောင်များဖြင့် ရိုက်ကူးမည့် ဒီပရုပ်ရှင် ကန်တော့ပွဲပေး

0
353

တနင်္သာရီတိုင်းသူ/သား သရုပ် ဆောင်များဖြင့် တိုင်းအတွင်းရိုက်ကူးမည့် ‘ဒီပ’ ရုပ်ရှင်ကားကြီး၏ ကန်တော့ပွဲပေး အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်က ထားဝယ်မြို့၊ မြို့မ ရှင်ဓာတ်ဝဲကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
‘ဒီပ’ ရုပ်ရှင်ဇာတ်ကားသည် တိုင်းအတွင်းရှိ သဘာဝရှုခင်းများ၊ ရိုးရာယဉ် ကျေးမှု ဓလေ့စရိုက်များကို ဖော်ညွှန်းကာ တိုင်းအတွင်းနေထိုင်ကြသည့် လူမျိုးစု များ၏ လူနေမှုစရိုက်များကို အခြေခံ ဇာတ်အိမ်ဖွဲ့ထားခြင်း ဖြစ်သည်။

ဇာတ်ကားအတွက် တနင်္သာရီတိုင်းတွင်းရှိ သရုပ်ဆောင်အနုပညာ ဝါသနာပါသည့် ကလေး၊ လူငယ် မျက်နှာသစ်သရုပ်ဆောင်များကိုသာ ရွေးချယ်ထားသည်ဟု ဇာတ်ကားအနုပညာအကြံပေး မောင် သက်နောင် (ဂီတမာလာ)က ပြောသည်။
“တိုင်းထဲက ရွက်ပုန်း အနုပညာသည်လေးတွေကို ဖော်ထုတ် မြေတောင်မြှောက်ပေးတဲ့သဘောလည်း ပါတယ်၊ အကောင်းဆုံးကြိုးစားပြီးမှ ပရိသတ်ဆီ တင်ဆက်မယ်” ဟု မောင်သက်နောင် (ဂီတမာလာ)က ပြောသည်။

လက်ရှိအချိန်တွင် သရုပ်ဆောင်များအား လေ့ကျင့်ရိုက်ကူးမှုများ ပြုလုပ်နေပြီး လာမည့်ပွင့်လင်း ရာသီတွင်တိုင်းအတွင်း လှည့်လည် ရိုက်ကူးသွားမည်ဟု ၎င်းက ပြောသည်။ ဇာတ်လမ်းထဲတွင် တိမ်မြုပ် ပျောက်ကွယ်နေသည့် ထားဝယ်ရိုးရာ ယမ်းအကကိုလည်း ထည့်သွင်းရိုက်ကူးသွားမည်ဟု သိရသည်။