ရေခူ ဈေးကောင်း

0
494

မြိတ်ဒေသ ရေထွက်ကုန်တစ်မျိုး ဖြစ်သည့် ရေခူများ ယခင်နှစ်ထက် ဈေး ကောင်းရနေကြောင်း ရေခူလုပ်ငန်း လုပ် ကိုင်နေသူ တချို့ထံမှ သိရသည်။
ယမန်နှစ်က တစ်ပိဿာလျှင် ငွေ ကျပ် ၂၀၀၀ ရရှိခဲ့ရာ ယခုနှစ်တွင် တစ်ကီလိုလျှင် ၅၈ ဘတ်(သုံးကီလိုလျှင် နှစ်ပိဿာခန့်) နှုန်းဖြင့် တွက်ချက်ရာ ငွေလဲနှုန်းအရ နှစ်ပိဿာတွင် ကျပ် ၆၀၀၀ ကျော် ရရှိသည်ဟု ကျွန်းစုမြို့နေ ရေခူလုပ်ငန်း လုပ်ကိုင်နေသူ ဦးဇော်က ပြောသည်။

” ဘတ်ဈေးနဲ့ တွက်ပြီးပေးတဲ့ အ တွက် ဈေးပိုရတာပါ” ဟု ကျွန်းစုမြို့နေ ရေခူလုပ်ငန်းလုပ်ကိုင်နေသူ ဦးဇော်က ပြောသည်။
ရေခူများကို ယခုနှစ်မှစပြီး အဝယ် ဒိုင်တချို့မှ ကီလိုချိန်ဖြင့် ချိန် တွယ်ကာ ထိုင်းဘတ်ငွေ ဈေးနှုန်းဖြင့် ဝယ်ယူပြီး ငွေရှင်းသည့်အခါ ထိုင်းဘတ်ငွေကို မြန်မာငွေလဲနှုန်းဖြင့် တွက်ချက်၍ ရှင်း ပေးနေကြောင်း ရေခူ အဝယ်ဒိုင် တစ်ခု ဖြစ်သည့် အဆောင်ကောင်းကုမ္ပဏီ ကြီးကြပ်ရေးမှူး ဦးစံသိန်းက ပြော သည်။

မြိတ်ဒေသထွက် ရေခူများကို ကုန် ချောအဖြစ် ထုတ်ပိုးပြီး မလေးရှား၊ ဂျပန် နှင့် ထိုင်းနိုင်ငံများသို့ တင်ပို့ရောင်း ချကြောင်း ရေခူအဝယ်ဒိုင် အသိုင်း အဝိုင်းမှ သိရသည်။ရေခူများသည် ရေပေါ်တွင် ပေါ် လေ့ရှိပြီး ရေခူဖမ်းလှေများက ချိတ် ကောက်ဖြင့် ဖမ်းယူလေ့ရှိကာ နှစ်စဉ် ဒီဇင်ဘာလမှ မေလအထိ ရေခူထွက်လေ့ ရှိကြောင်း ရေခူလုပ်ကိုင်နေသူ တချို့ ထံမှ သိရသည်။