ဒါယကာ ငါးထောင်၏ တစ်နေ့ တစ်ရာ

0
458

မိုင်ထောင်ချီခရီး၏ အစသည် ပထမခြေလှမ်း တစ်လှမ်း။ တစ်ရာကျပ် အသင်းသား ငါးထောင်နီးပါး စုမိခြင်း၏အစသည် ဝဲကျွန်းရပ်ကွက်က လက်ဖက် ရည်ဝိုင်းလေး တစ်ခု။လက်ဖက်ရည်ဆိုင်လေးက မွဲခြောက် ခြောက်။ ဆိုင်နာမည်ပင် မရှိ။ ဆိုင်ထဲတွင် အသင်းအဖွဲ့များက ပေးပို့ထားသော ဂုဏ်ပြုလွှာများ ကျိုးတိုးကျဲတဲ ချိတ်ထား သည်။

အရောင်ပြယ်စ ဗွီနိုင်းပြားတစ်ခု တွင် အလှူဆိုင်းဘုတ်အား နောက်ခံ ပြုထားသည့် လူငယ်တစ်စု။ သူတို့သည် စုပေါင်းအားဖြင့် တစ်နှစ်တခါ ကထိန် သင်္ကန်းကပ်နိုင်မည်ဟူသည့် အိပ်မက် စမက်ခဲ့ကြသည့် လက်ဖက်ရည် ဆိုင်ရှင် ကိုခင်ဇော်ဦးနှင့် လူငယ်များ။
သူတို့ အိပ်မက်အတွက် လူတွေ ပါဝင်စေလိုသည်။ သို့သော် အပန်းကြီးကြ မည်ကိုလည်း စိုးကြသည်။ သူတို့ တွက် ချက်ကြသည်။ လူ ၂၀ ခန့် တစ်ဦးလျှင် တစ်ရက် တစ်ရာစုပါက ကထိန် င်္သကန်း တစ်နှစ်တစ်ခါ ဧကန်မုချ ကပ်နိုင်ကြ မည်။ ငွေထည့်ဝင်ကြသူများလည်း ပေါ့ပေါ့ပါးပါး။
အစီအစဉ်ကို ပဏာမ သဘောတူ လိုက်ကြသည်က ဝဲကျွန်းလူငယ် ၂၀ ခန့်။ ခုနှစ်က ၂၀၁၀။ တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ။
” ပထမ ရည်ရွယ်ချက်က ကထိန် သင်္ကန်းတစ်စုံ အဆင်ပြေတဲ့ကျောင်းမှာ ကပ်ကြမယ်ပေါ့” ဟု ကိုခင်ဇော်ဦးက ဆိုပါသည်။
ထိုနှစ်တွင်ပင် လူငယ် ၂၀ မှသည် လူ ၂၂၀ ခန့် ပွားလာသည်။ တချို့က ၁၀ ရက်တစ်ခါ၊ တချို့က တစ်လတစ်ခါ ထည့်ကြသည်။ အကျိုးဆောင်များက ကောက်ခံပေးသလို အသင်းသားများ ကလည်း လာထည့်ကြသည်။ ရသည့်ငွေ များကို အကျိုးဆောင်များက စုသိမ်းပေး ထားသည်။

 
သူတို့အိပ်မက် အကောင်အထည် ပေါ်လာသည်။ ၂၀၁၀ ခုနှစ် ကထိန်ရာသီ တွင် သင်္ကန်းကပ်ရန် ကျောင်းရှာဖွေ ကြသည်။
” အလှူငွေအမောက်(ပမာဏ)ကလည်း နည်းတော့ မြို့ကျောင်းတွေ တော်ယုံနဲ့ ဝင်တိုးလို့ မရဘူးလေ”  ဟု ကိုခင်ဇော်ဦးက ဆိုသည်။
တစ်ရာအသင်း၏ ပွဲဦးထွက်အဖြင့် ထားဝယ် မင်းမြှောက်ကုန်းကျောင်းတွင် သင်္ကန်းကပ်ခွင့် ရကြသည်။ အလှူငွေက ပိုနေသည်။ မင်းမြှောက်ကုန်းကျောင်းဝင်း အတွင်းရှိ ဆောက်လက်စကျွေးမွေး ဆောင်က အမိုးမိုးရန် လိုအပ်နေသည်ကို သူတို့တွေ့သည်။ သို့သော် လုပ်အားခနှင့် ပစ္စည်းဖိုး တွက်ချက်ပါကသူတို့အသင်း လက်ကျန်ငွေနှင့် မလောက်နိုင်။

 
ဆုံးဖြတ်ချက် တစ်ခု ချလိုက်ကြ သည်။ အမိုးလှူကြမည်။ သူတို့ အသင်း သားများ အပတ်စဉ် လုပ်အားပေးကြမည်။
သူတို့အဖွဲ့အတွင်း ပန်းရံဆရာ၊ လက်သမားဆရာ၊ ဆေးချယ်ဆရာ၊ မီးဆရာ စသဖြင့် အစုံရှိသည်။ တနင်္ဂနွေ နေ့တိုင်း လုပ်အားလှူကြသည်။

 
နောက်ဆုံးတွင် ယင်းပွဲဦးထွက် နှစ်၌ပင် တစ်ရာအသင်းသားများသည် ဆွမ်းကျွေးဆောင် ခေါင်းမိုးအလှူရှင်များ ဖြစ်သွားကြ လေသည်။
အသင်းသားများ တစ်နှစ်ထက် တစ်နှစ် ပွားလာသည်။၂၀၁၁တွင် လောင်းလုံးမြို့နယ်ရှိ နခံတောကျောင်းတွင် ကထိန်သင်္ကန်း ကပ်လှူကာ သမိုင်းဝင်ရပ်ခံတောင် စေတီနှင့် ဘုရားသိမ်များအား ပြုပြင် ကြသည်။ ၂၀၁၂ တွင် ထားဝယ်ရေနန် တောင်းကျောင်းတွင် ကထိန်သင်္ကန်း ကပ်ပြီး ကျောင်းဆောင် ခေါင်မိုး ပြင်ကြ သည်။ ကျောင်းတွင်းကွန်ကရစ်လမ်း ခင်းကြသည်။

 
၂၀၁၃ တွင်ကား တစ်ရာအသင်း သားများသည် ဓမ္မရုံ ဒါယကာများ ဖြစ် လာကြလေပြီ..။ တောနားကျောင်း တွင် ကထိန်သင်္ကန်း ကပ်ရင်း  ၈ဝဍ္ဍ ၂၇ ပေ ဓမ္မရုံကျောင်းဆောင်သစ် တစ်ဆောင် လှူဒါန်းကြလေပြီ။ ကွန်ကရစ်လမ်းလည်း နှစ်တိုင်းခင်းမြဲ။၂၀၁၄ တွင် ရှင်ကိုးရှင် သမိုင်းဝင် ရှင်ဓါတ်ဝဲကျောင်းတွင် ၂၀၁၅ တွင် ကူးတို့ကျောင်းတို့တွင် ဓမ္မာရုံ ဆောက် လှူကြသည်။ ရေတွင်းတူးကြသည်။ လမ်းခင်းကြသည်။ ကျောင်းဝင်းတွင်း၌ လိုအပ်သည်များ ပြုပြင်ကြသည်။

 
ယင်းသို့ လှူဒါန်းပြီး ငွေပိုနေပါက ဘုန်းကြီးကျောင်းများတွင် ကျောင်း ဆောင်အမိုးများ ပြုပြင်ခြင်း၊ နာရေး ကူညီမှုအသင်းများသို့ အအေးခန်းခေါင်း တလား(နာရေးရေခဲပုံး ဟု ခေါ်ကြ)များ၊ ဆေးရုံအတွက် အထောက်အကူပစ္စည်း များ လှူကြသည်။ အလှူပွဲပြီးတိုင်း အသင်းသားများအား မဲဖောက်ရွေးချယ် ပြီး အထက် မြန်မာပြည်သို့ ဘုရားဖူး ပို့ကြသည်။

 
“ငွေပိုတယ်ဆိုတာက အသင်းသား တွေ လုပ်အားအလှူ အပတ်စဉ် ပါဝင် ကြလို့ပါ ” ဟု ကိုခင်ဇော်ဦးက ပြောသည်။
သူတို့ အလှူတစ်ခု ပြုလုပ်ပါက လူငှားလေ့ မရှိ။ အသင်းသားအားလုံး ကျွမ်းကျင်ရာကဏ္ဍမှ ဝိုင်းလုပ်ကြသည်။ တနင်္ဂနွေတိုင်း အပတ်စဉ် လုပ်အားပေး ကြသည်။ ပန်းရံသမားက ပန်းရံ၊ လက် သမားက သစ်၊ လျှပ်စစ်သမားက မီး စသဖြင့် အသင်းသား တိုင်းနီးပါး ပါဝင် ကြသည်။ ယင်းနေ့တွင် အသင်းရှေ့ဆက် လုပ်ငန်းစဉ်များအတွက် ဝိုင်းဝန်းဆွေး နွေးကြသည်။ သူတို့ အသင်း လုပ်ဆောင် ချက်များက တစ်ဆင့်စကား တစ်ဆင့် နားဖြင့် ထားဝယ်တစ်နယ်လုံး သိလာ သည်။ အသင်းဝင်အင်အား တိုးလာ လိုက်သည်မှာ ယခုဆိုလျှင် ၅၀၀၀ ဝန်း ကျင် ရှိလာပြီ..။

 
ယင်း လူ ငါးထောင်သည် အားလုံး အသင်းခေါင်းဆောင်များ ဖြစ်ကြသည်။ အားလုံး အသင်းသားများ ဖြစ်ကြသည်။ အသင်း၏ ဖွဲ့စည်းပုံက အလျားလိုက်။ အသင်းတွင် တာဝန်ခံ မရွေးထား။ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး မရှိ။ ငွေကောက်ခံ ထိန်းသိမ်းထားသူများ ကို အသင်း အကျိုးဆောင်များအဖြစ် သတ်မှတ်ထားသည်။ ဒီဇင်ဘာလတိုင်း အထက ၄ ခန်းမတွင် အသင်းသားအားလုံး စုဝေးတိုင်ပင်ကာ ကောက်ခံရရှိသည့် ငွေအပေါ်မူတည်၍ အလှူလုပ်မည့် ကိစ္စ ရပ်များအား အချောသတ် ဆွေးနွေးကြ သည်။ အများသဘောအတိုင်း ဆုံးဖြတ် ကြသည်။

 
ယခု ၂၀၁၆ ခုနှစ်တွင်ကား ထားဝယ် ဘုရားကြီးဝင်းရှေ့ရှိ မဟာ ဘုံကျော်ကျောင်းတွင် ၁၁၀ _ ၄၀ နှစ်ထပ် ကျောင်းဆောင်အား ဆောက်လုပ် လှူဒါန်းကြသည်။ ကောင်းမှု အစုစု ရေစက်ချပွဲ ပြုလုပ်ခဲ့သည်။ ယင်းအလှူပွဲ သည်ပင် အသင်းသားအားလုံး ဆုံသည့် ပွဲ။ အသင်းသားများအပြင် ဧည့်သည် ငါးထောင်ပါ ထပ်ဖိတ်ကျွေးမွေးသည်။
” စည်လိုက်တာများ တိုးမပေါက်လို့ တချို့ဆို ကျွေးတာ မစားလိုက်ရဘဲ ပြန်သွားကြရတယ် ကြားတယ်၊ တောင်းပန်ပါတယ်လို့ ” ဟု ကိုခင်ဇော်ဦး က ပြောသည်။

 
နောင်နှစ်တွင် ဇဗ္ဗူသီရိ အရေးပေါ် ကားများ ထားရန်နေရာဆောက်လုပ် လှူဒါန်းရန် လျှာထားကြောင်း အသင်း သားများက ပြောကြသည်။
အသင်းသားအားလုံးအား အလှူငွေ ပုံမှန် ထည့်ဝင်ရန် ဆော်ဪကြသည်။ တစ်ချို့ အသင်းသားများက အကြောင်း အမျိုးမျိုးကြောင့် ငွေထည့်ရန် ပျက်ကွက် ကြသည်ဆို၏။

 
” တစ်နှစ်လုံးမှ အလှူငွေ ၄၀၀ ပဲ ထည့်နိုင်တဲ့ အသင်းသားတောင် ရှိတယ်” အကျိုးဆောင်တစ်ဦးက ဆိုသည်။
နောင်တွင် လူစိတ်ဝင်စားမှု လျှော့ ပါးပြီး အသင်းဝင်လျှော့နည်းလာမည်ကို အကျိုးဆောင်များက စိုးရိမ်နေကြသည်။ သို့သော် တာဝန်သိစိတ်ဖြင့် အသင်း ပျောက်ပျက်မသွားအောင် ကြိုးစားမည်ဟု ဆိုကြသည်။

 
အသင်းသား ၅၀၀၀ ဝန်းကျင် ရှိသည့် တစ်ရာကျပ်အသင်းအား စတင် အိပ်မက် မက်ခဲ့သူ ဝဲကျွန်းလူငယ်တစ်စု၏ မျက်နှာတွင်ကား မည်သည့် ဖိစီးမှုမျိုးမှ မတွေ့ရ။ သူတို့သည် အသင်းဝင် ၅၀၀၀ နှင့် တာဝန် တစ်ထပ်တည်း ယူထားကြ သည်။ တစ်နေ့၊ တစ်ရာ ထည့်ကြသည်။ တစ်ပတ်တစ်ခါ လုပ်အားပေးကြသည်။သူတို့သည် အခြားအသင်းဝင်များ နည်းတူ အသင်း၏ အရေးပါသော ခေါင်းဆောင်များ ဖြစ်ကြသည်။ သာမန် အသင်းသားများလည်း ဖြစ်ကြသည်။

 
သူတို့အားလုံးသည် အလျားလိုက် စီးသွယ်ဖြန့်ကျက်နေသော သာသနာ ဒါယကာဝိုင်းတော်သားများ ဖြစ်လေ သည်။