အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် GGS ကုမ္ပဏီတာဝန်ရှိသူနှစ်ဦးကို မတ်လ ၂၂ ရက်က ထားဝယ်မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ချုပ်မိန့်ရမန်ပေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အမှုဖွင့်ခံထားရသည့် GGS ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့ကို မတ်လ ၂၂ ရက်မှ ဧပြီလ ၃ ရက်အထိ ချုပ်မိန့်ရမန်ပေးခဲ့ကြောင်း မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ဆိုသည်။
သက်သေခံပစ္စည်းများ သိမ်းဆည်းရန်နှင့် သက်သေများကို စစ်ဆေးရန် ကျန်ရှိနေသေးသည့်အတွက် ဒုတိယ အကြိမ် ချုပ်မိန့်ရမန်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ထားဝယ်အကျဉ်းထောင်မှာ ဒုတိယအကြိမ် ချုပ်နှောင်ထားရန် ချုပ် မိန့်ရမန်အား စိစစ်ပြီးတော့ တရားရုံးက နေ ဆောင်ရွက်ထား ပြီးဖြစ်ပါတယ်”ဟု မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ပြောသည်။
၎င်းတို့ နှစ်ဦးကို ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှ ခရီး သွားရမန်တောင်းခံကာ မတ်လ ၁၃ ရက်တွင် ထားဝယ်သို့ ခေါ်ဆောင်လာ ပြီး ထားဝယ်မြို့နယ်တရားရုံးက မတ်လ ၁၃ ရက်မှ မတ်လ ၂၂ ရက်အထိ ပထမ အကြိမ် ချုပ်မိန့်ရမန်ပေးခဲ့သည်။
ဦးသိန်းထွေးနှင့် ဦးသူရအုံတို့ကို ထားဝယ်အကျဉ်းထောင်ရှိ ထောင်အချုပ် တွင် ထိန်းသိမ်းထားသည်။
GGS ကုမ္ပဏီမှ ဦးသိန်းထွေး၊ ဦးသူရအုံ၊ ဦးအောင်မြတ်တို့သည် ၀န်ကြီးဟောင်းပိုင်ဆိုင်သည့် ကျပ်သိန်း ၃၀၀ ကျော်တန် အိမ်နှင့်မြေကွက်အား ငွေကျပ် သိန်း ၂၀၀၀ ဖြင့် မတန်တဆ ဈေးပေးဝယ်ယူပြီး အကျိုးအမြတ်ရရှိ သည့် လုပ်ငန်းလုပ်ပိုင်ခွင့်များအား ရယူ ခံစားခဲ့ကြောင်း တိုင်ကြားချက် အပေါ် စုံစမ်းစစ်ဆေးရာမှ တရားစွဲဆိုခဲ့သော အမှု ဖြစ်သည်။
GGS ကုမ္ပဏီသည် ပြည်ထောင်စု အစိုးရသို့ ဂက်စ်ဖိုးငွေ ကျပ် ၉ ဘီလီယံ ခန့် မပေးသွင်းသေးသည့် ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီတာဝန်ရှိသူများဖြစ်သည့် ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့သည် တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသူများ ဖြစ်သည်။
ကိုဇော်