ထားဝယ်ဒေသအတွင်း ယာဉ် တိုက်မှုကြောင့် ဒဏ်ရာရလူနာ သယ် ဆောင်ပေးရသည့် ဦးရေမှာ ယခုနှစ် အောက်တိုဘာလတွင် အမြင့်ဆုံး စံချိန် တင် ဇမ္ဗူသီရိအရေးပေါ် လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ထံမှ သိရ သည်။
ဇမ္ဗူသီရိအဖွဲ့ တည်ထောင်ခဲ့သည့် ၄နှစ်တာကာလအတွင်း ယခုနှစ် အောက်တိုဘာလတွင် အများဆုံးအဖြစ် ဒဏ်ရာရလူနာ ၁၆၃ ဦးကို ကူညီသယ် ဆောင်ပေးခဲ့ရပြီး သင်္ကြန်ပွဲတော် ကာ လထက်ပင် ပိုများခဲ့ကြောင်း ဇမ္ဗူသီရိ အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။
“စလုပ်ကတည်းက ဒီလကတော့ လူနာသယ်ပေးရတာ အများဆုံးပဲ”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။
သင်္ကြန်ပွဲတော်ရာသီဖြစ်သည့် ၂၀၁၇ ခုနှစ် ဧပြီလတွင် ဒဏ်ရာရသူ ၁၃၄ ဦးကို သယ်ဆောင်ပေးခဲ့ရကြောင်း ယင်းအဖွဲ့မှတ်တမ်းအရ သိရသည်။
ထားဝယ်ဒေသတွင် ယာဉ်အစီးရေ များပြားလာခြင်း၊ ယာဉ်စည်းကမ်း လမ်း စည်းကမ်း လိုက်နာမှုအားနည်းကာ ပေါ့ဆစွာ မောင်းနှင်ခြင်းများကြောင့် ယာဉ်တိုက်မှု ပိုများလာခြင်းဖြစ်နိုင် ကြောင်း ၎င်းက ဆိုသည်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ အများသယ်ဆောင်ပေးခဲ့ရသည့် လများ အဖြစ် ၂၀၁၇ ခုနှစ်အတွင်း အောက်တို ဘာလတွင် ၁၆၃ ဦး၊ ဖေဖော်ဝါရီလတွင် ၁၅၈ ဦး၊ မတ်လတွင် ၁၄၁ ဦးနှင့် ဇန်နဝါရီလတွင် ၁၃၁ ဦးကို သယ် ဆောင်ပေးခဲ့ကြောင်း သိရသည်။