လောင်းလုံးတွင် တစ်ရက်တည်း နှစ်နေရာပစ်ခတ်မှုဖြစ်

0
500

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ဧပြီလ ၁၉ ရက်နေ့က မောင်းမကန်ရွာအနီး ပစ်ခတ်မှုဖြစ်ပြီး ကျောက်နီမော်ရွာတွင်လည်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

မောင်းမကန်ရွာတွင် ဧပြီလ ၁၉ ရက် မွန်းလွဲပိုင်းက လောင်းကစားသတင်းအရဟုဆိုကာ သတိပေးရန် ရောက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မောင်းမကန်ရဲစခန်းက ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများ‌က ပြောသည်။

အလားတူ ကျောက်နီမော်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မွန်းတည့်ပိုင်းမှ စတင်ကာ သုံးနာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် ဘုရားတောင်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“အလယ်မှာ ချောင်းပဲခြားတယ်။ လက်နက်ကြီးရော (လက်နက်) ငယ်ရောပဲ။ မွန်းတည့် ၁၂ နာရီကျော်တဲ့ကပစ်တာ ၂ နာရီကျော်လောက်မှ ပစ်သံတိတ်သွားတယ်” ဟု ၎င်းက ပြောသည်။

ကျောက်နီမော်ရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်သည်မှာ မှန်ကန်ကြောင်း လောင်းလုံးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက Dawei Watch သို့ ပြောဆိုသည်။

လက်နက်ကြီးငယ်များဖြင့် တိုက်ခိုက်ခဲ့ကြသည့်အတွက်ကြောင့်ကျောက်နီမော်ရွာရှိ ဒေသခံအများစုမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ကလည်း ကျောက်နီရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်စခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါ‌ဖြင့် သွားရောက်ပစ်ခတ်ခဲ့သေးကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။