မြဝတီတိုက်ပွဲကြောင့် မဲဆောက်ဘက်သို့ မြန်မာ ၂၇၀ကျော် တိမ်းရှောင်

0
355
Photo - วันนี้ที่แม่สอด อ.แม่สอด, The Reporter

မြဝတီ-မဲဆောက် အမှတ် ၂ တံတားအနီး ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မဲဆောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည် ၂၇၀ ကျော် ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြဝတီမြို့တွင် ယနေ့ နံနက် ၁ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ကြောင်း ထိုင်းဘက်က ရိုက်ထားသော ဗီဒီယိုမှတ်တမ်းများနှင့် အမှတ် ၂ တံတားနေ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်ထံမှ သိရသည်။

“မြန်မာဘက်ခြမ်းက လူတွေကတော့ ထိုင်းဘက် တိမ်းရှောင်ကုန်ပြီ။ ရဟတ်ယာဉ်နဲ့ပါ လာပစ်နေတယ်” ဟု ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် တံတားအနီးက ပြည်သူများက သောင်ရင်းမြစ်ကို ဖြတ်ပြီး မဲဆောက်ဘက် ရှောင်ပြေးလာကြပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းက ယာယီခိုလှုံရေးစခန်းတွင် နေရာချထားပေးကြောင်း ထိုင်းဘက်က ထုတ်ပြန်သည်။

ထို့အပြင် ဆန်၊ ရေနှင့် ရိက္ခာများကိုလည်း လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ဘေးရှောင်များတွင် ကလေးငယ်များနှင့် အသက်ကြီးပိုင်းများ ပါဝင်နေသည်ကို ဓါတ်ပုံမှတ်တမ်းများအရ သိရသည်။

နံနက် ၁၀ နာရီခန့်အထိ ထိုင်းဘက် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည် ၂၇၂ ဦး ရှိပြီဖြစ်ကြောင်း ထိုင်းဘက်က ထုတ်ပြန်သည်။

ကလေးငယ်နှင့် အမျိုးသမီးများကို တစ်ခြမ်း၊ အမျိုးသားများကို တစ်ခြမ်းခွဲထားပြီး လသားအရွယ် ကလေးငယ်ကို ချီထားပြီး ငိုနေသော မိခင်ဖြစ်သူကို ထိုင်းစစ်သားက နှစ်သိမ့်ပေးနေသည်ကိုလည်း ဗီဒီယိုဖိုင်မှတ်တမ်းတွင် တွေ့ရသည်။

နယ်စပ်အနီး ထိုင်းနိုင်ငံဘက်ခြမ်းတွင် စစ်ကားများနှင့်အတူ စစ်သားများ လက်နက်အပြည့်ဖြင့် စောင့်ကြည့်နေပြီး ထိုင်းနယ်စပ်လုံခြုံရေးကို ပြည့်ပြည့်ဝဝ ကာကွယ်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်က ပြောကြားထားသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကိုလည်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။

ယခုအချိန်တွင် အမှတ် ၂ တံတားကို ကုန်စည်ဖြတ်သန်းခွင့် ပိတ်ထားပြီး ချစ်ကြည်ရေး အမှတ် ၁ တံတားကိုမူ ပုံမှန်အတိုင်း ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း အမှတ် ၁ တံတား အနီးနေ ပြည်သူများထံမှ သိရသည်။

မြဝတီကုန်သွယ်ရေး အမှတ် ၂ တံတားသို့ ထွက်ပြေးလာသော မြို့စောင့် ခလရ ၂၇၅ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းမဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က ထုတ်ပြန်ထားခြင်းမရှိသေးပေ။

Ref: Khaosod English, The Reporter