မြဝတီ-မဲဆောက် အမှတ် ၂ တံတားအနီး တိုက်ပွဲပြင်းထန်

0
363
ပုံစာ - ထိုင်းဘက်သို့ တိမ်းရှောင်ကြသည့် တံတား ၂ အနီးက ဒေသခံများ။

မြန်မာနှင့်ထိုင်း နိုင်ငံနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားအနီး ခိုအောင်းနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်မျာကို KLNA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေကြောင်း မြဝတီမြို့ခံအချို့ထံမှ သိရသည်။

စစ်ကောင်စီ၏ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းက စခန်းစွန့်ခွာထွက်ပြေးကာ အမှတ် ၂ တံတားအနီး ခိုအောင်းပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်တောင်းနေသည့် စစ်ကောင်စီတပ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

အဆိုပါစစ်ကောင်စီတပ်သားများရှိရာနေရာကို တော်လှန်ရေးတပ်များက ဧပြီလ ၁၉ ရက် ညပိုင်းတွင် ဒရုန်းများဖြင့် စတင်တိုက်ခိုက်ပြီး လက်နက်မချသဖြင့် ယနေ့ ဧပြီလ ၂၀ ရက် နံနက် ၅နာရီခန့်တွင် စတင်ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် KIC သတင်းတစ်ရပ်တွင် ဖော်ပြသည်။

တိုက်ပွဲမှာ နေ့လယ်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး အနီးအနား ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မြဝတီမြို့ခံအချို့ထံမှ သိရသည်။

“အမှတ် ၂ တံတားဘက်ကို လေယာဉ်နဲ့ ဗုံးလာကြဲနေတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ယနေ့ နံနက် ၁၁နာရီခွဲ ဝန်းကျင်တွင် ပြောသည်။

မြန်မာဘက်ခြမ်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်ကာ စောင့်ကြည့်နေသည်။

အမှတ် ၂ တံတားဘက်တွင် တိုက်ပွဲပြင်းထန်နေသော်လည်း အမှတ် ၁ တံတားဘက်တွင်မူ လူများကို သွားလာခွင့်ပြုနေဆဲဖြစ်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ခလရ ၂၇၅ တပ်ရင်းကို လက်နက်ချရန် ညှိနှိုင်းမှုမအောင်မြင်သဖြင့် ဧပြီလ ၉ရက်တွင် KNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ ဧပြီလ ၁၁ ရက်တွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ကာ ထွက်ပြေးခဲ့သည်။

မြဝတီသို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကော့ကရိတ်၊ ကျုံဒိုးတို့တွင် တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်သဖြင့် တိုက်ပွဲများလည်း ရှိနေသည်။