မြဝတီက တိမ်းရှောင်လာသူများကို မဲဆောက်ရှိ ဘုန်းကြီးကျောင်းများတွင် နေရာချမည်

0
754
ပုံစာ - ယမာန်နေ့က မြဝတီမှ မဲဆောက်ဘက်သို့ ဝင်လာသူများ။ Photo - Thai PBS

ကရင်ပြည်နယ် မြဝတီမြို့တွင် တိုက်ပွဲများကြောင့် မဲဆောက်ဘက်သို့ တိမ်းရှောင်လာသူများကို ဘုန်းကြီးကျောင်းများတွင် နေရာချထားပေးမည်ဖြစ်ကြောင်း မဲဆောက် အုပ်ချုပ်ရေးမှူးက ပြောသည်။

ဧပြီလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ချစ်ကြည်ရေးတံတားများသို့ တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး၊ မဲဆောက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လာရောက်စစ်ဆေးစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မဲဆောက်ဘက်သို့ တိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ နေထိုင်ရန် အခက်အခဲရှိနေပါက ဘုန်းကြီးကျောင်း လေး ကျောင်းတွင် ယာယီခိုလှုံခွင့်ပေးပြီး နေထိုင်စားသောက်ရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမှတ် ၁ တံတားပေါ်က မြန်မာနိုင်ငံသားများ ဝင်ရောက်မှုသည် ပုံမှန် ၁၉၀၀ ခန့်သာရှိရာမှ ယခုအချိန်တွင် တိုက်ပွဲများ ကြောင့် တစ်ရက်လျှင် ပျမ်းမျှ ၄၀၀၀ အထိ တိုးလာနေကြောင်း ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရဘက်ကလည်း နယ်စပ်တစ်လျှောက် လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားပြီး ဝင်ရောက်လာသူများကိုလည်း လက်နက်များကဲ့သို့ တရားမဝင် ပစ္စည်းများ ပါမပါ စစ်ဆေးနေကြောင်း မဲဆောက်မြို့နေ ပြည်သူများထံမှ သိရသည်။

“ဝင်လာနေတာတော့ ဒီနေ့အထိပဲ။ အိမ်ရှာငှားပေးရတာတွေက အရင်ကထက်စာရင် နည်းနည်း ပိုခက်လာတယ်ပေါ့။ အခုလို စီစဉ်ပေးမယ်ဆိုတော့ အိမ်ငှားလို့ မရတဲ့သူတွေ ယာယီခိုလှုံဖို့ အဆင်ပြေမယ်ထင်တယ်” ဟု မဲဆောက်မြို့နေ ထားဝယ် ဒေသခံ တစ်ဦးက ဆိုသည်။

မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားကိုတော့ ပုံမှန်အတိုင်း ဖွင့်လှစ်ထားလျက်ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာစစ်ဘေးရှောင်များ မဲဆောက်ဒေသအတွင်းရှိ ဝပ်အာလန်ဝတီကျောင်း၊ ဝပ်ထာ့အတ်ကျောင်း၊ ဝပ်ထိုင်းဝပ်ထနာလန် ကျောင်းနှင့် ဝပ်ထာ့ဆိုင်ထိုလေ့ကျောင်းများတွင် ထားရှိပေးမည်ဖြစ်ပြီး အရေအတွက် ၁၀၀၀၀ ခန့်အထိ နေထိုင်နိုင်မည်ဖြစ် ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။