ဓမ္မသရွာကို စစ်ကောင်စီက နေ့စဉ်ပစ်ခတ်တိုက်ခိုက်သဖြင့် မီးထပ်လောင်

0
402
ပုံစာ - ဧပြီလ ၈ ရက်နေ့ ညနေပိုင်းက ဓမ္မသရွာတွင် မီးလောင်နေသည်ကို တွေ့ရစဉ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာထဲကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေပြီး နေအိမ်မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ကစပြီး ဓမ္မသရွာထဲကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းဖြင့် ပစ်ခတ်ခဲ့ သည့်အပြင် မော်လမြိုင် အရှေ့တောင်တိုင်းနှင့် ဇာသပြင်ကျေးရွာရှိ စစ်ကောင်စီတပ်တို့ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ၎င်းတို့က ပြောသည်။

ယင်းသို့ ပစ်ခတ်မှုများကြောင့် နေအိမ် မီးထပ်မံ မီးလောင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ပစ်နေတာက နေ့တိုင်းပါပဲ။ လေယာဉ်နဲ့လည်း ပစ်တယ်။ ရေတပ်ကလည်း ပစ်တယ်။ မနေ့ည (ဧပြီ ၈) ကဆိုရင်လည်း ညနေကတည်း ပစ်နေတာ ည ၉ နာရီလောက်ထိကို အလုံးကြီးသံတွေ ကြားနေရတယ်။ အိမ်တွေ မီးထပ်လောင် သွားတာတွေလည်း ရှိတယ်” ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။

ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မတ်လ ၂၄ ရက်နေ့ကစပြီး ကော့ဘိန်းကျေးရွာနှင့် ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ဒေသရှိ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ပေါက်ကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် နေ့ရော၊ ညပါ ဆက်တိုက်ပစ်ခတ်နေခြင်း ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်းအပြင် တပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် မတ်လ ၂၇ ရက်နေ့က ဓမ္မသကျေးရွာတွင် လူနေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့သည်။

ဓမ္မသကျေးရွာထဲသို့ စစ်ကောင်စီက နေ့စဉ်ပစ်ခတ်နေပြီး လက်ရှိတွင် နေအိမ်မီးလောင်ကျွမ်းမှု လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်က ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ဓမ္မသကျေးရွာတွင် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြရပြီး အနီးနားတဝိုက်ကျေးရွာက ဒေသခံပြည်သူများအပါအဝင် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြသည်။ အများစုသည် မွန်လူမျိုးများဖြစ်ကြသည်။

“ဓမ္မသရွာမှာတော့ အိမ်တွေ မီးလောင်တဲ့နေ့ကတည်းက လူတွေက မရှိတော့ဘူး။ တစ်ယောက်စ နှစ်ယောက်စလောက်ပဲ ရှိတော့တယ်။ တခြားအနီးအနားရွာတွေကလည်း ထွက်ပြေးနေကြတာလည်းရှိတယ်။ မနေရဲဘူးလေ၊ ရမ်းပြီး ပစ်နေတာ။ အခု ရွာမှာ လူမရှိလည်း ပစ်နေတာပဲ” ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက တော်လှန်ရေးအဖွဲ့အစည်းများကို လက်တုံ့ပြန်သည့် အနေဖြင့် ယခုလို ပြည်သူများနေထိုင်ရာ ကျေးရွာထဲကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေခြင်းဖြစ်သည်ဟု မွန်တော်လှန်ရေးအဖွဲ့အစည်းတို့က ထုတ်ပြန်ပြောဆိုထားကြသည်။