လောင်းလုံးမြို့ လဝကရုံးက စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ

0
538
ဓာတ်ပုံ - လောင်းလုံးပကဖ

လောင်းလုံးမြို့ လဝကရုံးရှေ့တွင် တပ်စွဲထားသည့် စစ်ကောင်စီဘန်ကာအား ပြည်သူ့ကာကွယ်ရေးပူး‌ေပါင်းအဖွဲ့က လာရောက် ပစ်ခတ်တိုက်ခိုက်ကြောင်း မြို့ခံအချို့က ပြောသည်။

ဧပြီလ ၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။

“(စစ်ကောင်စီဘက်က) သေတဲ့သူရှိတယ်လို့ ပြောလူလည်းရှိတယ်။ မသေဘူးပြောတဲ့သူလည်းရှိတယ်။ တိတိကျကျမသိရဘူး” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

လဝကရုံးဘန်ကာအား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဘန်ကာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးရှိသည့်အနက် ငါးဦးသေဆုံးပြီး သုံး ဦးဒဏ်ရာရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မိနစ် ၄၀ ခန့် အပြန်အလှန်ပစ်ခတ်မှုအပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပြန်ဆုတ်သွားချိန်တွင် လောင်းလုံးမြို့မရဲစခန်းက လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

“ပစ်တာကတော့ အများကြီးပဲ။ တိုက်ပွဲဖြစ်နေလို့ ပစ်တာထက်တောင် များသေးတယ်” ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

လောင်းလုံးမြို့ကို ကာကွယ်ရန် အင်အားဖြည့်တင်းထားသည့် စစ်ကောင်စီတပ်သည် ဂိတ်တိုက်ခိုက်ခံရချိန်တွင် လောင်းလုံး-စမ်းလှမ်းသွား လမ်းပေါ်သို့ရောက်နေကြောင်း မြို့ခံတို့ကဆိုသည်။

တိုက်ခိုက်မှုအပြီး မွန်းလွဲ ၂ နာရီကျော်တွင် မြို့ထဲသို့ အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်း ပြန်ရောက်လာကြောင်း ၎င်းတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ရဲစခန်းပတ်ပတ်လည်ရှိ လူမနေသောနေအိမ်များနှင့် မြို့လယ်ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထား သည့်အပြင် မြို့အနီးရှိ လက်သည်းရှည်တောင်တွင်လည်း တပ်စွဲထားကြောင်း ‌ဒေသခံတို့က ပြောသည်။