ကော့တောင်ကျွန်းသွားသည့် ခရီးသွားသင်္ဘောမီးလောင်မှုတွင် မြိတ်လူငယ်တစ်ဦး ပျောက်ဆုံး

0
932

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းသို့ သွားသော ညအိပ်ခရီးသွားသင်္ဘော မီးလောင်မှုတွင် မြိတ်ဒေသခံ လူငယ်တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မိသားစုဝင်ထံမှ သိရသည်။

သင်္ဘောသည် ဧပြီလ ၄ ရက် နံနက် ၆ နာရီ ၅၀ မိနစ်ဝန်းကျင်ခန့်က စူရတ်ဌာနီမှတစ်ဆင့် ကော့တောင် (လိပ်ကျွန်း) သို့ မောင်းလာစဉ် ကော့တောင်ကျွန်းနှင့် ၃ ကီလိုမီတာအကွာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ယင်းသင်္ဘောဖြင့် စူရတ်ဌာနီမြို့တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သွားလုပ်သော အသက် ၁၇ နှစ်အရွယ် ကိုချစ်နိုင်အောင် (ခေါ်) ဝက်ကြီး လိုက်ပါလာခဲ့ကြောင်း အစ်မဖြစ်သူက ပြောသည်။

သင်္ဘော မီးလောင်မှုဖြစ်စဉ်တွင် ရေထဲသို့ ခုန်ချခဲ့သည်ဟု အခြားသူများ ပြောပြချက်အရ ကြားသိရပြီး ကျွန်းပေါ်သို့ လူများ အကုန်ပြန်ရောက်ချိန်တွင် မောင်ဖြစ်သူမှာ ပြန်မရောက်လာကြောင်း ၎င်းက ဆိုသည်။

“မီးထလောင်တဲ့အချိန် အသက်ကယ်အင်္ကျီ မလောက်ဘူးပြောတယ်။ မိန်းမနဲ့ ကလေး ဦးစားပေးတာပေါ့နော်။ မောင်ငယ်က ရေမကူးတတ်ဘူး။ အသက်ကလည်း ငယ်သေး အတွေ့အကြုံကလည်း မရှိသေး။ ရေစီးကလည်း သန်နေတော့ မတွေ့တော့တာ ပြောတယ်ရှင့်” ဟု အစ်မဖြစ်သူက ပြောဆိုသည်။

ကိုချစ်နိုင်အောင်ကို ထိုင်းကယ်ဆယ်ရေးအဖွဲ့က ယနေ့ ညနေပိုင်းက ရှာဖွေပေးသော်လည်း မတွေ့ရသေးဘဲ မနက်ဖြန် ဧပြီလ ၆ရက်တွင် ဆက်လက်ရှာဖွေပေးမည်ဟု ပြောဆိုထားကြောင်း ၎င်းက ဆိုသည်။

ကိုချစ်နိုင်အောင်သည် မြိတ်မြို့ မဟာစည်ရိပ်သာထဲတွင် နေထိုင်ခဲ့သူဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

ခရီးသွားသင်္ဘောပေါ်တွင် ခရီးသည်နှင့် ဝန်ထမ်း ၁၀၈ ဦး လိုက်ပါလာခဲ့ကြပြီး ဒဏ်ရာရရှိသူ ၁၀ ဦးကို ကော့တောင် ဆေးရုံတင်ထားကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

ဒဏ်ရာရရှိသူများအနက် တစ်ဦးက မြန်မာနိုင်ငံသားဖြစ်ပြီး ရေထဲခုန်ချသဖြင့် လက်မောင်းကျိုးဒဏ်ရာရရှိခဲ့သူဖြစ်သည်။

ထိုင်းအာဏာပိုင်များကမူ ခရီးသွားသင်္ဘောမီးလောင်မှုတွင် ရေထဲခုန်ချသူများအပါအဝင် အားလုံးကို နံနက် ၈ နာရီတွင် ကယ်ဆယ်နိုင်ခဲ့ပြီး‌ ပျောက်ဆုံးသူမရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

မီးမှာ စက်ခန်းက စတင်လောင်ကျွမ်းသည်ဟု ကနဦး ယူဆထားပြီး အကြောင်းအရင်းကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ဆိုထားသည်။