ယခုလကုန်မှစကာ စမတ်ကတ်ရှိမှ နယ်စပ်ဖြတ်လက်မှတ် ထုတ်ပေးမည်ဟု စစ်ကောင်စီကြေညာ

0
571
ပုံစာ - မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် တန်းစီနေသူများကို ဧပြီလဆန်းကတွေ့ရစဉ်။ Photo - RoadsOf Maesot

စမတ်ကတ်ဟု လူသိများသည့် UID ကတ်ရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ထုတ်ပြန်သည်။

မေလ ၁ ရက်နေ့မှစကာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် လျောက်ထားလိုသူများအနေဖြင့် စမတ်ကတ်ခေါ် UID ကတ်ရှိမှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP နှင့် TBP ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

TBP ဆိုသည်မှာ ၇ ရက်နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြစ်ပြီး BP မှာ ၂ နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်ပြု လက်မှတ်ဖြစ်သည်။ တနင်္သာရီတိုင်းတွင်ဆိုပါက ကော့သောင်းအိမ်ထောင်စုရှိသူများကိုသာ BP စာအုပ်လုပ်ခွင့်ရှိမည်ဖြစ်သည်။

နယ်စပ်ဝင်ထွက် လူဦးရေစာရင်းမှန်ကန်ရေး၊ မှတ်ပုံတင်အတုဖြင့် နယ်စပ်ဖြတ်ကျော်မှုများ ထိန်းချုပ်နိုင်ရေးအတွက် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက အကြောင်းပြသည်။

စစ်ကောင်စီက ပြည်သူများကို ထိန်းချုပ်နိုင်ရေးအတွက် မျက်လုံး၊ လက်ဗွေ အစရှိသည့် ဇီဝဆိုင်ရာ အချက်အလက်များရရှိစေရန် နည်းမျိုးစုံသုံးပြီး စမတ်ကတ်လုပ်လာကြစေရေး ဖိအားပေးနေခြင်းဖြစ်သည်။

ပြည်ပထွက်မည့်သူများ နိုင်ငံကူး လက်မှတ်လျောက်ထားရာတွင်လည်း စမတ်ကတ်ရှိမှ လျှောက်ခွင့်ပြုမည်ဟု ထုတ်ပြန်ထားသလို ပြည်တွင်းလေကြောင်း ခရီးသွားရာတွင်လည်း စမတ်ကတ်လိုအပ်ကြောင်း သတင်းများထွက်နေသည်။

စမတ်ကတ်လျှောက်သူများသည် စစ်ကောင်စီထံတွင် ဇီဝဆိုင်ရာအချက်အလက်များကို မှတ်တမ်းတင်ထားရှိခဲ့ရသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများထံမှ အဆိုပါဇီဝဆိုင်ရာ အချက်အလက်များကောက်ယူပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်လာနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထားသည်။

အများပြည်သူ၏ ဇီဝဆိုင်ရာ အချက်အလက်များကို အသုံးပြုရန် အရင်ဆုံးဥပဒေပြဌာန်းရမည်ဖြစ်ပြီး ဥပဒေနှင့်အညီသာ ဇီဝဆိုင်ရာအချက်အလက်များကို အသုံးပြုရမည်ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တို့ကဆိုသည်။

မြန်မာနိုင်ငံတွင်မူ ဥပဒေမရှိသဖြင့် စစ်ကောင်စီအနေဖြင့် ပြည်သူများ၏ ဇီဝဆိုင်ရာ အချက်အလက်များကို အသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှုများရှိလာနိုင်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က သတိပေးထားသည်။