စစ်ကောင်စီကို ဂျက်လေယာဥ်ဆီ မရောင်းရန် ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်

0
595

မြန်မာစစ်ကောင်စီကို နိုင်ငံတကာအစိုးရများအနေဖြင့် ဂျက်လေယာဥ်ဆီ တင်ပို့မှု၊ ရောင်းချမှုများ ရပ်တန့်ရန် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံက ဧပြီလ ၄ ရက်နေ့တွင် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။

ပြည်သူများအပေါ် အကြမ်းနည်းလမ်းများသုံး၍ ပြစ်မှုကျူးလွန်နေသော မြန်မာနှင့် အီရန်နိုင်ငံများအား ဖိအားပေးရန် ရည်ရွယ်၍ ယင်းသို့ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်ကောင်စီက ဂျက်တိုက်လေယာဥ်များကို အသုံးပြုပြီး ပြည်သူများကို တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းသည် လူ့အခွင့်အရေးချိုးဖောက်နေခြင်းဖြစ်သည်ဟု ယုံကြည်ပါက နိုင်ငံတကာအစိုးရများအနေဖြင့် လေယာဉ်ဆီတင်ပို့မှု ရပ်တန့်ရန် ကုလလူ့အခွင့်အရေးကောင်စီက ထုတ်ပြန်ထားသည်။

ပြီးခဲ့သောနှစ်က မြန်မာနိုင်ငံသို့ သင်္ဘော ၇ စီးဖြင့် လေယာဉ်ဆီတင်ပို့လာခဲ့မှုများသည် ဗီယက်နမ်နိုင်ငံနှင့် တိုက်ရိုက်ချိတ်ဆက်နေကြောင်း Amnesty International အဖွဲ့က ထုတ်ဖော်ထားသည်။

လေကြောင်းတိုက်ခိုက်မှုကိုသုံး၍ ကမ္ဘာ့စစ်ရာဇဝတ်မှုများကို ကျူးလွန်နေပါက လေယာဉ်ဆီရောင်းချမှု၊ တင်ပို့မှုများမှာ စီးပွားရေးဖြစ်သော်လည်း လက်ခံနိုင်ဖွယ်မရှိကြောင်း အဖွဲ့ကိုယ်စားပြုဖြစ်သော Iniyan Ilango က ကုလသမဂ္ဂအဖွဲ့ကို ပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံကို လက်နက်၊ ခဲယမ်းနှင့် အခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းများ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် တင်ပို့နေမှုများကိုလည်း ရပ်တန့်ကြရန် လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားသည်။

တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုတွင် မရှုမလှရှုံးနိမ့်နေမှုကြောင့် အင်အားနည်းပါးလာနေသည့် စစ်ကောင်စီက မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြီးခဲ့သော လတွင် သတိပေးထားသည်။

Ref: AP, CNA