မောတောင်တွင် တောမီးလောင်၊ ရေရှားသဖြင့် ငှက်ပျောပင်များဖြင့် ရိုက်သတ်မီးငြှိမ်းရ

0
631

ရေရှားပါးနေသည့် ထိုင်း-မြန်မာနယ်စပ်ရှိ တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် မတ်လ ၁၄ ရက်နေ့ နေ့လယ်ကစပြီး တောမီးလောင်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မောတောင်မြို့ရှိ ဝေနေယျသုခဘုန်းကြီးကျောင်းအနောက်ဘက် တောင်ပေါ်တွင် တောမီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုကဲ့သို့ မီးလောင်နေသော်လည်း ရေရှားနေသည့်အတွက် ငှက်ပျောရွက်ဖြင့်ဖုံးအုပ်ပြီး ငှက်ပျောပင်များဖြင့် ရိုက်ကာ မီးငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

“ရာသီဥတုကပူတော့ မီးကအများကြီး‌‌လောင်သွားတာ။ လေကလည်း အရမ်းတိုက်တယ်။ မီးသတ်ကားက တစ်ခေါက်ပဲ လာပြီး နေအိမ်ဘက် မရောက်အောင်တော့ ငြှိမ်းပေးခဲ့တယ်။ ဥယျာဥ်ခြံတချို့တော့ ပါသွားတယ်” ဟု မောတောင်ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ တောမီးလောင်မှုကြောင့် လူနေအိမ်နှင့် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ည ၉ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း ၎င်းက ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလကလည်း မောတောင်မြို့နယ်ရှိ ဆေးရုံအနောက်ဘက် ဘုရားတောင်တွင်လည်း မီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ခဲ့သေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

လတ်တလောတွင် ထိုင်းနယ်စပ်ရှိ နေရာအများအပြားတွင် တောမီးလောင်မှုများ ခပ်စိပ်စိပ်ဖြစ်နေပြီး မီးခိုးငွေ့များကြောင့် လေထုအရည်အသွေးဆိုးရွားကာ ကျန်းမာရေးထိခိုက်နေသူများလည်း ရှိသည်။