မလွှဲတောင် စစ်ဆေးရေးဂိတ် တစ်ရက် ၈ နာရီသာ ဖြတ်သန်းခွင့်ပြု

0
1170

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် နယ်စပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစပြီး တစ်ရက် ၈ နာရီခန့်သာ ဖြတ်သန်းခွင့်ပြုရန် ထပ်မံကန့်သတ်လိုက်ကြောင်း ကားသမားအသိုင်းအဝိုင်းနှင့် ခရီးသည်များထံကသိရသည်။

ယခင်ဖြတ်သန်းခွင့်ပြုချိန် မနက် ၇ နာရီခွဲမှ ညနေ ၆ နာရီ အစား ယခု မနက် ၉ နာရီမှညနေ ၅ နာရီ သို့ လျှော့ချလိုက်ခြင်းဖြစ်ကြောင်း ကားသမားများက ပြောပြသည်။

“ မနက် ၉နာရီမှဂိတ်ဖွင့်တော့ ရန်ကုန်အဝင်နောက်ကျတယ် ။ ပုံမှန်မောင်းနှုန်းအတိုင်းဆိုရင် ၉ နာရီဆိုရင် သံဖြူဇရပ် ၊မုဒုံလောက်ရောက်တယ်။ အခုက ဖွင့်ချိန်ကန့်သတ်လိုက်တော့ အချိန်နောက်ကျတယ်။ ရန်ကုန်အထွက်က မနက်စောစောထွက်လို့ရသေးလို့ ထားဝယ်အဝင်ကပုံမှန်ပါပဲ” ဟု ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဥ်မောင်တစ်ဦးကပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်က မလွှဲတောင်ဂိတ် တိုက်ခိုက်ခံရပြီးနောက် ယခုကဲ့သို့ ဖြတ်သန်းခွင့်ပြုချိန်ကို ထပ်မံကန့်သတ်ခြင်းဖြစ်သော်လည်း စစ်ဆေးမှုအနေဖြင့် ယခင်အတိုင်းပုံမှန်သာဖြစ်သည်ဟု ခရီးသည်များကဆိုသည်။

“ စစ်ဆေးတာက ခရီးသည်ဆို မှတ်ပုံတင်ပြရတယ်။ ကားအဝင်အထွက်စာရင်းပေးရတယ်။ အရင်ကလိုပဲ” ဟု ယခုရက်ပိုင်းအတွင်းမလွှဲတောင်ဂိတ်ကို ဖြတ်သန်း၍ ခရီးသွားခဲ့သည့် အမျိုးသားတစ်ဦးက ပြောပြသည်။

မွန်-တနင်္သာရီ တော်လှန်ရေး အင်အားစုများက ဖေဖော်ဝါရီလ ၂၅ တွင် ကျရောက်သည့် မွန်အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် မလွှဲတောင် စစ်ကောင်စီ စစ်ဆေးစစ်ဆေးရေးဂိတ် ကို ဒရုန်းဖြင့် ဗုံးသီး ၇ လုံးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။