မြိတ်ထောင်မှ အကျဥ်းသားများ ကော့သောင်းထောင်သို့ ထပ်မံပြောင်းရွှေ့

0
848

မြိတ်အကျဥ်းထောင်မှ အကျဥ်သား ၁၅၀ ဦးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရေကြောင်းမှတစ်ဆင့် ကော့သောင်းအကျဥ်းထောင်သို့ ရွှေ့ပြောင်းခဲ့ကြောင်း မြိတ်အကျဥ်းထောင်နှင့်နီးစပ်သူများက ပြောသည်။

ပြောင်းရွှေ့လိုက်သည့် အကျဥ်းသား ၁၀၀ ဦး နှင့် အကျဥ်းသူ ၅၀ ဦးတွင် နိုင်ငံရေးအကျဥ်သား ၇၀ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM)ထံကသိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း မြိတ်ထောင်မှ အကျဥ်းသား ၂၀၀ ကို ကော့သောင်းထောင်သို့ နှစ်သုတ်ခွဲပြောင်းရွှေ့ခဲ့ပြီးဖြစ်သဖြင့် မြိတ်ထောင်မှအကျဥ်းသားများ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေသည်မှာ တစ်လအတွင်း နှစ်ကြိမ်ရှိပြီဖြစ်သည်။

“ အဓိကတော့ တနင်္သာရီအကျဥ်းစခန်းက လုံခြုံရေးမပေးနိုင်တဲ့ အရေးကြီးတဲ့ နိုင်ငံရေးပုဒ်မနဲ့လူတွေကို မြိတ်အကျဥ်းထောင်ကိုရွှေ့ထားတာရှိတယ်။ ဒီတစ်ခေါက် ထောင်ပြောင်းရွှေ့မှုမှာ အဲဒီလူတွေအပါအဝင် မူးယစ်ဆေးဝါးပုဒ်မတွေ၊ ဆယ်နှစ်အထက်တွေ လည်းပါပါတယ်” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က ပြောသည်။

အကျဥ်းသားပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ မြိတ်အကျဥ်းထောင်ဘက်ကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ဖေဖော်ဝါရီလ ၂၈ ရက် က အကျဥ်းသားရွှေ့ပြောင်းသွားခြင်းမှာ မှန်ကန်ကြောင်း မြိတ်ဒေသခံ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးကလည်း အတည်ပြုပြောဆိုသည်။

အာဏာသိမ်း ပြီးနောက် မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆၂၀၄ ဦးရှိပြီး ထိုအထဲမှ ၂၀၁၅၆ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၈၈၂၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP ၏ ၂၀၂၄ ဖေဖော်ဝါရီလ ၂၉ ရက် ထုတ်ပြန်ချက်အရသိရသည်။